Thursday, March 28, 2013

ဒ၀ယ်စဂါး (၈)

ဒီတပတ် ဒ၀ယ်စဂါး (၈)မှာတော့ ခါးတောင်ကျိုက်တာကို ဒ၀ယ်သားတွေက ဘယ်လိုပြောသလဲ ဆိုတာကိုတင်ပြပါ့မယ်ခံဗျား။ ဒ၀ယ်သားတွေက ခါးတောင်ကိုမြှောင်အောင်ကျိုက်တယ်ဆိုတာကို ဆီလုံးလုံးတယ် လို့ပြောလေ့ရှိပါတယ်။ အဲဒီစဂါး ကို ကျနော်ဘယ်မှာသွားသတိရမိလဲဆိုတော့ ငယ်စဉ်က ကျနော်နေတဲ့ဆန်းချီရွာ (ဒ၀ယ်အခေါ် ဆန်းခယ်ဝါ) မှာ (မှတ်ချက် ရွာ ကို ဒ၀ယ်က ၀ါ ဟုခေါ်သည်) ညနေဖက် (နေဒန်ဖတ်)တွေမှာ လူဂီးတွေ ခြင်းခတ်တတ်ကြပါတယ်။ အဲဒီအခါမှာ ကျနော့သူငယ်ချင်းသန်းထွန်းလေး ရဲ့အဖေ ဖြစ်သူ ယီးဖစု ဟာ တခါမှ ဘောင်းဘီဝတ်ကာ ခတ်လေ့မရှိဘဲ ဆီးလုံးလုံးကာ သာခတ်လေ့ရှိပါတယ်။ ဒါကိုသတိရပီး ဟုတ်တာပဲ ဒ၀ယ်လို ဆီးလုံးလုံးတယ် ဆိုတာကို ဗမာစဂါး မှာ အဲဒီလိုမသုံးဘဲ ခါးတောင်ကြိုက်တယ် ခါးတောင်ကိုမြှောင်အောင်ကြိုက်တယ် အစသဖြင့်သာပြောလေ့ရှိတာကို သတိရမိပီး ဒီတပတ်ဒစ၀ယ်စဂါး (၈) မှာ ဒါကို တင်ပြရခြင်းဖြစ်ပါတယ်။ ပီးတော့ ကျနော်ခုနကပြောတဲ့ ကျနော့သူငယ်ချင်းရဲ့အဖေ ယီးဖစု ဆိုတဲ့ အမည်ဟာလည်း အမည်တူ ၂ ယောက်ရှိပါတယ်ကျနော်တို့ရွာ(၀ါ)မှာ။ အဲဒီလိုမျိုး ဗမာ (မြန်မာ)တွေက အမည်ပေးလေ့မရှိဘူးလို့ထင်ပါတယ်။ အဲဒီလို ဖစု ဆိုတဲ့ အမည်တူ ၂ ယောက်ရှိတာကိုလည်း ခွဲခြားပြောဆိုတဲ့ နေရာမှာ ခုနက ဖစု ကို တော့ ယီးဖစု လို့ပဲခေါ်ကြပီး နောက်ဖစု ကိုတော့ တောသားဖစု လို့ခေါ်ပါတယ်။ သူတို့ ၂ ယောက်စလုံးမှာတော့ အမည်ရင်းတွေရှိပေမဲ့ အမည်ရင်းတွေနဲ့ သူတို့ ၂ ယောက်ကို ခွဲခြားမခေါ်ဝေါ်ဘဲ ဒီ ဖစု ဆိုတဲ့ သူတို့ရဲ့ Nickname လို့ပဲခေါ်မလား ချစ်စနိုးအမည်ပဲခေါ်မလား အဲဒိအမည်ကိုသာ သုံးပီး ခွဲခြားခေါ်ဝေါ်တဲ့ ကျနော်တို့ရဲ့ အမည်ပေးခေါ်ဝေါ်ပုံ ယဉ်ကျေးမှုလေးက ထူးထူးခြားခြားမှတ်တမ်းတင်ထားသင့်တယ်လို့ ယူဆတဲ့အတွက်လည်း ဒီအမည်ပေးပုံ ခွဲခြားပုံလေးကို တင်ပြလိုက်ပါတယ်။ သူတို့ ၂ ယောက်အနက် ယီးဖစု က ကျနော်တို့ရွာရဲ့ ဇာတိဖွားဖြစ်ပီး တောသားဖစု ကတော့ ဒ၀ယ်နဲ့ နီးစပ်ရာ ကျေးရွာတွေအနက်က တရွာရွာက ဒ၀ယ်မြို့ပေါ်တက်လာပီး ကျနော်တို့ဆန်းခယ်၇ွာမှာ အခြေချပုံရပါတယ်။ ကျနော်က အဆိုပါ ဦးလေး (ယီး)အား ပုဂ္ဂိုလ်ရေးအရ စော်ကားလိုခြင်း နှိမ်လိုခြင်း လဲမဟုတ်ပါ။ အဲဒီတောသားဖစု အိမ်မှာလဲ ကျနော်တို့သူငယ်ချင်းတယောက်ရှိပီး သူ့နာမည်က လှိုင်ပေါ လို့အမည်ရပါတယ်။ သူက အဲဒီ တောသားဖစုနဲ့ ဒေါ်အုန်းတို့ရဲ့သားအရင်းတော့မဟုတ်ဘူး။ ပီးတော့ အဲဒိအိမ်မှာ အိမ်ရှေ့က သစ်နဲ့ပဲဆောက်ထားတဲ့ တဲကုပ်တခုမှာ အဖိုးကြီးတဦးဟာ အမြဲတန်းလိုလိုပဲ ဖိုတလုံးကို ဆွဲဆွဲပီး မီးထိုးနေတတ်ပါတယ်။ ငယ်ငယ်တုန်းက သူများပြောလို့သိရတာက အဲဒီအဖိုးကြီးဟာ ရွှေလုပ်နေတာတဲ့။ ကြီးလာမှ အဂ္ဂိရက်ထိုးတယ် (ဒ၀ယ်ကတော့ ဖိုထိုးတယ် ပဲအတိုခေါ်ပါတယ်) ဆိုတာ နားလည်သဘောပေါက်လာပါတယ်။ အဲဒီအဖိုးကြီး (ဖိုးသံကီး)ဟာ ဒေါ်အုန်း (မဲအုန်း) ရဲ့ အဖေ ဖြစ်ပီး အတော်ကို အသက်ရှည်ပါတယ်။ အသက် ၉၈ နှစ်ခန့်အထိ နေသွားခဲ့တယ် လို့ကျနော်မှတ်မိနေပါတယ်။ ကျနော်တို့က အဲဒီခြံထဲမှာ ခနခန ဂေါ်လီသွားသွားလှိမ့်ရင်းနဲ့ အဲဒီအဖိုးကြီးလုပ်တာကို ငေးကြည့်နေတတ်ပါတယ်။ ဒ၀ယ်မှာက မြို့ပေါ်ရပ်ကွက် ၁၅ ခုရှိတဲ့အနက် ကျနော်တို့ဆန်းခယ်ဝါ ဟာလည်း အဲဒီအနက် ၁ ရပ်ကွက် အပါအ၀င်ဖြစ်ပေမဲ့ ကျနော်တို့က ကျနော်တို့ရပ်ကွက် ကို ငါတို့ရပ်ကွက် လို့တခါမှခေါ်ဝေါ်သုံးစွဲလေ့မရှိဘဲ နို့ဝါ (ငါတို့ရွာ) လို့သာ ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ တောစရိုက် မြို့ (ဗြို့) စရိုက် ရောပြွန်းတည်ရှိနေတဲ့ ကျနော်တို့ရွာ (နို့ဝါ) လေးကိုတော့ သတိတရရှိမိပါတယ် ခံဗျား။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment