Wednesday, September 11, 2013

တပိုတိုက်ပွဲအတွေ့အကြုံအပိုင်း (၂)

ကျနော်မှတ်မိသလောက် ကျနော်တို့ ဒီဇင်ဘာလ ကုန်ပိုင်းလောက်မှာ ရှေ့တန်းဆင်းသွားပါတယ်။ န၀တ ကလည်း ၁၉၉၃ ဇန်န၀ါရီ ၉ ရက်မှာ အမျိုးသားညီလာခံ စတင်ပြုလုပ်တော့ ကျနော်တို့က စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်တွေထဲမှာ အတုအယောင် အမျိုးသားညီလာခံကို ဆန့်ကျင်ဖို့ဆိုတာ အရေးကြီးတဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်ပါတယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေထဲမှာ ကျောင်းသားဘက်ကဆိုရင် ကျနော်တို့ ၂၀၁ ဇင်ယော်က တပ်ခွဲမှူး ဖုန်းကျော် ဒီအေဘီစစ်ကြောင်း ၃ ရဲ့ ဒုစစ်ကြောင်းမှူးအဖြစ်တာဝန်ယူကာ ကျနော်တို့တပ်ရင်းမှ တပ်ခွဲတခွဲကို ဦးဆောင်ပါတယ်။ တပ်ရင်း ၂၀၁ လင်းယုန်ကို တပ်ရင်းမှူး သောင်းညွှန့်ခေါ် လေဘေးက ဦးဆောင်ပါတယ်။ အဲဒီ ၂ ခွဲရယ်နဲ့ ကေအန်ယူက တပ်ခွဲတခွဲကို စစ်ကြောင်းမှူး ဗိုလ်နယ်ဒါး က ဦးဆောင်ပါတယ်။ စစ်ကြောင်းတကြောင်းလုံးကိုတော့ စစ်ကြောင်းမှူး ဗိုလ်နယ်ဒါးက ဦးဆောင်ပါတယ်။ ဒုစစ်ကြောင်းမှူး ဖုန်းကျော်က စစ်ကြောင်းမှူး နှင့် ညှိနှိုင်းသတ်မှတ်သော စစ်ကြောင်းတာဝန်များကို ထမ်းဆောင်ပါတယ်။ ဒီနေရာမှာ ဒုစစ်ကြောင်းမှူး ၂၀၁ တပ်ခွဲမှူး ဖုန်းကျော်နဲ့ ပတ်သက်ပီး နဲနဲ ထပ်ပြောချင်ပါတယ်။ ရဲဘော်ဖုန်းကျော်ဟာ ပုလောဇာတိဖြစ်ပြီး မော်လမြိုင် တက္ကသိုလ်ကျောင်းသားဖြစ်ကာ ကျောင်းသားတပ်မတော်တွင် တိုက်ခိုက်ရေးအတော်ပင်အားကိုးရသူတဦးဖြစ်ပါတယ်။ ဒီပလ ခွင်ကို ၀င်နိုင်ဖို့ဆိုတာဟာလဲ သူ သို့မဟုတ် တပ်ခွဲမှူ နောက် ၂ ဦးဖြစ်တဲ့ ၇ဲဘော်လှဦး နဲ့ ရဲဘော်အောင်နိုင်တို့အနက်တဦးဦးမပါရင် မဖြစ်နိုင်ပါဘူး။ နယ်မြေကျွမ်းကျင်ရုံသာမက တိုက်ခိုက်ရေးလဲ ကျွမ်းကျင်သူများဖြစ်ပါတယ်။ အဖွဲ့အစည်းသဘောအရလဲ အထက်အအောက်အပြန်အလှန်လေးစားလျက် တာဝန်ထမ်းဆောင်နိုင်သူများလဲဖြစ်ပါတယ်။     အဲဒီလိုနဲ့ ကျနော်တို့ ၁၉၉၂ နှစ်ကုန်းပိုင်းလောက်မှာ ဒီအေဘီစစ်ကြောင်း ၃ ခွင်ကို ရှေ့တန်းဆင်းဖြစ်တယ်ဆိုပါတော့။ အဲဒီဧရိယာကတော့ မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းအတွင်းက ပုလောနဲ့မြိတ်ကြားနယ်မြေတွေပဲဖြစ်ပါတယ်။ ကျနော်တို့စဆင်းတော့ ပုလောမြို့ရဲ့တောင်ဘက်မှာရှိတဲ့ ထားဝယ်-မြိတ်ကားလမ်းနံဘေးက ပြည်ခြားဆိုတဲ့ အရပ်ကို ဦးတည်ပြီး ၄င်းရွာနဲ့တည့်တည့် ကေအန်ယူ ထိန်းချုပ်ရာ ငါးတတ် ဆိုတဲ့ ရွာကို ပထမ ဦးတည်ချီတက်ရပါတယ်။ ငါးတတ်ရွာကို ရောက်ဖို့တောင် ပထမ လမ်းမှာ တည အိပ်ရပါတယ်။ လမ်းမှာ တညအိပ်တော့ ဆောင်းရာသီဖြစ်တော့ မီးလှုံပြီး ပုခက်ဆွဲက အိပ်သူအိပ် အိပ် ဟိုခင်းဒီခင်း အိပ်သူအိပ်အိပ်ကြပါတယ်။ မအိပ်ခင် ညနေစာကိုတော့ လောက်လေးဂွတွေပါလာတဲ့ ကရင်တပ်သားတချို့ နဲ့ ကျနော်တို့ကျောင်းသားတပ်မတော် တပ်သား တချို့က ကျနော်တို့စခန်းချရာ ချောင်းနံဘေးရှိသပြုပင်မှ သပြုသီးကို ပစ်ချကာ ဟင်းချိုချက်သောက်ကြပါတယ်။ ပါလာတဲ့ ငါးပိ ငါးခြောက်လေးတွေဖုတ်ပီး သပြုသီး ဟင်းချိုနဲ့ မြိန်ရည်ရှက်ရည် စားသောက်ကြပါတယ်။ ညနေ ထမင်းစားပီးလို့ ဘီဘီစီလာတဲ့ အချိန်မှာ ဘီဘီစီဖွင့်တော့ အဲဒီညက တိုက်တိုက်ဆိုင်ဆိုင် ဗဟိုမှာ ကျနော်အတူတူ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကိုသီရိညွှန့်ရဲ့ အင်တာဗျူးလာတာ နားထောင်လိုက်ရပါတယ်။ အဲဒီအချိန်မှာကိုသီရိက အမေရိကန်ပြည်ထောင်စုမှာ အခြေချပီးဖြစ်နေပါပီ။ အဲဒီရှေ့တန်းထွက်တဲ့ အချိန်ကနေ ပြန်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဗဟိုမှာ ကိုသီရိက တွဲဘက်အထွေထွေအတွင်းရေးမှူး ကျနော်က ဗဟို စစ်ရေးဌာနအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့တာကိုပြန်ရည်ညွှန်းပြောတာပါ။ အဲဒါ အေဘီ မကွဲခင်ပေါ့။ အဲဒီနောက် အေဘီကွဲ ကျနော်က အများပြောနဲ့ပြောရရင် ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ ဗဟို ကော်မတီ ဘက်မှာ ရပ်တည်ကာ ရှေ့တန်းဆင်းတဲ့ အချိန်မတိုင်ခင်မှာ တောင်ပိုင်းစစ်ဒေသရဲ့ ဒုဥက္ကဌ စစ်ရေးတာဝန်ကို ထမ်းဆောင်နေပါတယ်။ ကွယ်လွန်သွားပီဖြစ်တဲ့ ရဲဘော်တင်စိုးနောင်က တောင်ပိုင်းစစ်ဒေသ ဥက္ကဌတာဝန်ကို ယူပါတယ်။
    ခုနက ရှေ့တန်းဆင်းတဲ့ ကိစ္စကို ပြန်ဆက်ရရင် နောက်တနေ့မိုးလင်းအိပ်ရာထပီး ဆက်လက်ချီတက်တော့ ကျနော် အစက တင်ပြခဲ့တဲ့ ကေအန်ယူထိန်းချုပ်ရာ ငါးတတ် ဆိုတဲ့ ရွာကို ရောက်ပါတယ်။ အဲဒီရွာရောက်တော့ ကျနော်တို့ထက်အရင် စောရောက်နေတဲ့  ကျနော်တို့တပ်၇င်းမှ တပ်ခွဲမှူးတဦးဖြစ်တဲ့ ဗိုလ်လှဦး (ယခု အမေရိကန်ပြည်ထောင်စု အခြေချ) သူ့ရဲ့ရဲဘော်ကြီး မောင်အေး (ဒိန်းမတ်နိုင်ငံတွင် မကြာသေးခင်နှစ်များကမှ သွေးကင်ဆာနဲ့သေဆုံး) တို့ကို တွေ့ရပါတယ်။ အဲဒီငါးတတ်ရွာရဲ့ ထူးခြားတဲ့ အချက်တခု အခုထိ မှတ်မိနေသေးတဲ့ အရာတခုကတော့ အဲဒီရွာမှာ ကျနော်တို့ထားဝယ်အခေါ် လန်ဂေါင်ရွက်မြန်မာ လိုဆိုရင် တညင်ရွက် တော်တော်ပေါတာတွေ့ရတာပါပဲ။ ကျနော်တို့က ပအုန်းရည်ငါးပိဖျော်နဲ့ လင်ကောင်ရွက် ဟင်းချိုချက်ကာ လင်ကောင်ရွက်ကို တုတ်စားလိုက် ဟင်းချိုသောက်လိုက်နဲ့ ၂ ရက်ဆက်တိုက်လဲ လမ်းလျှောက်လာရတော့ အတော့်ကို ထမင်းစားကောင်းခဲ့ပါတယ်။ အဲဒီလိုနဲ့ ကျနော်တို့ငါးတတ်မှာ တညအိပ်ပီးနောက်တနေ့မနက်မှာ ပြည်ခြားရွာကို ခရီးဆက်ခဲ့ပါတယ်။ ပြည်ခြားရွာမှာ ကျနော်တို့တပ်တွေအားလုံး ဆုံကြပါတယ်။ ဒီအေဘီစစ်ကြောင်း ၃ ရဲ့ စစ်ဆင်ရေးအစည်းအဝေးကို ပြည်ခြားရွာက စာသင်ကျောင်းမှာ ကျနော်တို့ အေးအေးဆေးဆေး ပဲကျင်းပနိုင်ခဲ့ကြပါတယ်။ အဲဒီပြည်ခြားရွာဆိုတာ ထားဝယ်မြိတ်ကားလမ်းဘေးမှာကပ်လျက်နီးပါးကို တည်ရှိနေတာပါ။ ဘယ်ရန်သူမှ မလာပါဘူး။ နောက်နေ့တွေမှာတော့ ကျနော်တို့ ပြည်ခြားရွာကနေ ကားလမ်းကို ဖြတ်ကူးပီး တဖက်မှာရှိတဲ့ မျှစ်ချင်စု ရွာတို့တွေကိုလဲ သွားခဲ့ကြပါတယ်။ နောက်ရက်တွေမှာတော့ ပင်လယ်ကမ်းနံဘေးက လိပ်ဦးသောင်ရွာကို အုန်းတောရွာကို ဖြတ်ကာ ခရီးဆက်ကြပါသေးတယ်။ ကျနော်တောင်စဉ်းစားမိပါသေးတယ် အမျိုးသားညွှန့်ပေါင်းအစိုးရက မြန်မာပြည်တောင်ပိုင်းကို အခုကျနော်တို့ဖြတ်ထားတဲ့ နေရာက ဖြတ်ပီး ကိုယ်ပိုင်အုပ်ချုပ်တဲ့ နယ်မြေတွေရှိတဲ့အကြောင်းကြေညာရင်ဖြစ်နိုင်တယ်လို့ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကေအန်ယူထိန်းချုပ်ရာ တပ်မဟာ ၄ နယ်မြေအရှေ့ဘက်ကနေ ပင်လယ်ကမ်းနံဘေးက လိပ်ဦးသောင်ရွာအထိ ချီတက်လာတာ ဘယ်သူမှ လာဟန့်တားနိုင်တာလဲ မရှိဘူး။ ကျနော်တို့သွားနေတဲ့ ပတ်ဝန်းကျင်ရွာအနီးအနားတွေမှာ ထမင်းမစားဆိုတဲ့ ရွာမှာ ရှိတဲ့ ပုလိပ်ဂါတ်တဲက ဘယ်ပုလိပ်မှလဲ အပြင်ကိုထွက်လာပီး ကျနော်တို့ကို ဟန့်တားတာ မလုပ်၇ဲဘုး။ စစ်ဘက်ကိုလဲ ဒီပုလိပ်တွေ အကြောင်းကြားပီး လာထွက်တိုက်ခိုင်းတာလဲမလုပ်ဘူး။ တကယ်ကို ကျနော်တို့ မြန်မာပြည်ကို အဲဒီနေရာမှာ အရှေ့အနောက်ဖြတ်ထားတာပါ။ အဲဒီလို လိပ်ဥသောင်မှနေလိုက်ပြီးတဲ့နောက် ကျနော်တို့ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေထဲက အရေးကြီးတဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားညီလာခံဟာ အတုအယောင်ဖြစ်တဲ့အကြောင်း ဒီညီလာခံဟာ စစ်အုပ်စု အကျိုးစီးပွားနဲ့ စစ်အာဏာရှင်သက်ဆိုးရှည်ရေးကိုသာ ဦးတည်တဲ့ညီလာခံဖြစ်ကြောင်းရှင်းလင်းပြောပြဖို့ ကျနော်တို့တပ်ဖွဲ့များ ၁၉၉၀ ခုနှစ်ကာလများအတွင်း အတော့်ကိုထိုးဖေါက် စည်းရုံးနေရာယူနိုင်ခဲ့တဲ့ တိုပလ ဒေသကို ဦးတည်ချီတက်ခဲ့ပါတယ်။ အဲဒီလိုချီတက်ရာမှာ ကျနော်မှတ်မိသလောက်ပြောရရင် လိပ်ဥသောင်ရွာမှတဆင့် လယ်ဖက် ထမင်းမစား မိချောင်းသိုက် ဇာတီဝင်း ကဗျာ စတဲ့ရွာများကို ဖြတ်သန်းချီတက်ရပါတယ်။ အဲဒီရွာတွေဟာ ပုလောမြို့ရဲ့တောင်ဘက်ကို တဖြည်းဖြည်းဆင်းသွားတာဖြစ်ပြီး မြိတ်ဘက်ကို တဖြည်းဖြည်းနီးလာကာ ပုလောချောင်း၇ဲ့ အရှေ့ဘက်တလျှောက်မှာ ချီတက်နေတာဖြစ်ပါတယ်။ ကျနော်တို့မိချောင်းသိုက်ရွာတွင် ရက်အချို့ ညအိပ်ရပ်နားပါတယ်။ မိချောင်းသိုက်ရွာလေးဟာ အတော်လှပတဲ့ ရွာလေးဖြစ်ပါတယ်။ ချောင်းလေးက ရွာကို ပတ်ခွေစီးဆင်းနေပီး ရွာအ၀င်တံတားလေးပေါ်မှာ လမ်းလျှောက်ရတာလဲ ချောင်းရေစီးသံလေးနဲ့ အတော့ကို လွမ်းမောဆွတ်ပျံ့ ဖွယ် ကောင်းလှပါတယ်။ အဲဒီလိုနဲ့ နောက်ဆုံးမှာတော့ မိချောင်းသိုက်မှတဆင့် ဇာတီဝင်း ကဗျာတို့မှတဆင့် တိုပလရွာနဲ့နီးတဲ့ တန်းရှင်းတောင်ကြောကို ကျနော်တို့ ဇန်န၀ါရီလ ၁၄ ရက်နေ့ ညနေမှာရောက်ရှိခဲ့ပါတယ်။ ရဲဘော်တချို့က ပြောပြကြတာက ဒီတန်းရှင်းတောင်ကြောမှာပေါ့ဗိုလ်ချုပ် ကျနော်တို့တပ်ရင်းက ခွဲမှူး ၇ဲဘော်မျိုးအောင်ကျဆုံးခဲ့တာ။ ကျနော်က ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဗဟို စစ်ရေးဌာနမှာ အတွင်းရေးမှူးလုပ်ခဲ့တော့ အခုတောင်ပိုင်းစစ်ဒေသမှာ ဒုဥက္ကဌနဲ့ စစ်ရေးတာဝန်ကို ထမ်းဆောင်တော့ ရဲဘော်တွေအားလုံးက ဗိုလ်ချုပ်လို့ပဲ ကျနော်ကို အတိုခေါ်ကြပါတယ်။ တကယ်ကတော့ ကျောင်းသားတပ်မတော်မှာ ဗိုလ်ချုပ်ဆိုတဲ့ ရာထူးမရှိခဲ့ပါ။ မဟာမိတ်ကေအန်ယူ၇ဲဘော်တွေကလည်း တလေးတစားရှိအောင်ကျနော်တို့ရဲဘော်တွေက အဲသလိုခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ ကျနော့နဲ့အတူ စစ်ဒေသက ကြားဖြတ်တာဝန်ယူသူ ရဲဘော်မင်းစိန်လည်း လိုက်ပါလာပြီး တပ်ခွဲမှူး ဗိုလ်ဖုန်းကျော်က ကျနော့်ရဲ့ ပီအေသဘောမျိုးအဖြစ် ရဲဘော်စိန်ဝင်းကို ရဲဘော်ရာဆင်းကို တွဲပေးထားပါတယ်။ သူ့ကို ဘာဖြစ်လို့ ရာဆင်းလို့ခေါ်သလဲဆိုတော့ တပ်ရင်းမှာ ညနေပိုင်း တန်းစီပီး တပ်ရင်းမှူး သို့မဟုတ် တာဝန်ကျတပ်မှူးမှ ဦးဆောင်ကာ ခွပ်ဒေါင်းအလံတော်အား အလေးပြု တပ်ဦးရဲ့ဦးတည်ချက် ၄ရပ်ကို သံပြိုင်ရွတ်ဆိုကြပြီးတဲ့နောက် ရဲဘော်တွေတင်ပြစရာရှိတာတင်ပြကြလို့က တပ်မှူးက ခေါ်ရင် တချို့ရဲဘော်တွေကလဲ နိုင်ငံရေးစစ်ရေးတင်ပြစရာရှိတာတင်ပြကြ အများအားဖြင့် စခန်းအုပ်ချုပ်မှုကော်မတီရဲ့ စီမံခန့်ခွဲရေးကိစ္စရပ်များနဲ့ပတ်သက်တာတွေတင်ပြကြတာများပြီး နောက်ဆုံးမှာ ၇ဲဘော်စိန်ဝင်းက ကျနော်တင်ပြစရာရှိတာတပ်မှူးလို့ပြောပြီး တပ်မှူးက ဘာတင်ပြစရာရှိလဲ မေးရင် ကျနော်တို့ ထမင်းစားပီးရင်း သောက်ဖို့ ရာဆင်း လိုနေပါတယ် တပ်မှူး လို့ သူက အများအားဖြင့် တင်ပြလေ့ရှိတဲ့အတွက် သူ့ကို နောက်ပိုင်းတွင် တပ်ရင်းတရင်းလုံးလိုလိုက ရာဆင်းစိန်ဝင်းလို့အမည်မှည့်ခေါ်လိုက်ကြပါတယ်။
    ခုနက ချီတက်လာခဲ့တဲ့ စစ်ကြောင်းအကြောင်းကို ပြန်ကောက်ရရင် ကျနော်တို့ရဲ့တပ်ဖွဲ့အင်အားဟာ ၁၀၀ နဲ့ ၁၅၀ အကြား ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ကျောင်းသား ၂ ခွဲ ကေန်အင်ယူ တခွဲ။ အဲဒီတန်းရှင်းရွာဟာ ရွာပျက်လိုမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ ဘုန်းကြီးကျောင်းတွေ ဇ၇ပ်တွေဟာလဲ ဘယ်သူမှာ စောင့်ေ၇ှာက်မဲ့သူမရှိ။ ရွာသားတွေလဲမရှိတာတွေ့ရပါတယ်။ ၇ဲဘော်တွေက လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ကျနော်တို့တပ်ရင်းမှ တပ်ခွဲမှူး ရဲဘော်ဖေသင်နဲ့ နောက်ရဲဘော်တဦး ရန်သူ စစ်အုပ်စု လက်ပါးစေတပ်တွေ၇ဲ့ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခံလိုက်၇တဲ့ နေရာနဲ့ အိမ်ကိုပြပါတယ်။ ကျနော်တို့ အဲဒီတန်းရှင်းတောင်ကြောပေါ်မှာပဲ ညအိပ်လိုက်ကြပါတယ်။ နောက်တနေ့မနက် စောစော ၁၅ ရက်နေ့မနက်မှာတော့ တန်းရှင်းတောင်ကြောကတဆင့် တိုရွာရဲ့ မြောက်ဖက် ပုလောဘက်ကလာရင် တိုရွာမရောက်ခင်စ ရောက်တဲ့ ကတည်းရွာထဲသို့ ကျနော်တို့ မနက်အစောကြီးမှာ ၀င်ရောက်ခဲ့ပါတယ်။ ကတည်းရွာက ကားလမ်းတည့်တည့်ပေါ်မှာမဟုတ်ဘဲ ကားလမ်းအရှေ့ဘက် နည်းနည်းကျကာ တည်ဆောက်ထားတာဖြစ်တဲ့ အတွက် ကတည်းရွာကို အရင်ဝင်ရတာက ပိုလွယ်ကူက အဲဒီကမှတဆင့် တို ရွာသို့တောင်ဘက်ပြန်ဆင်းချီတက်ရတာက စစ်ေ၇းသဘောအရ ပိုမိုလုံခြုံတယ် ဒါကြောင့် အဲဒီလိုချီတက်ပီး နေ့လည်ခင်းလောက်မှာတော့ ကျနော်တို့ တိုရွာ ဒါမှတဆင့် ကျနော်တို့ ဦးတည်ရာ ပလ ရွာဆီသို့ ချီတက်ခဲ့ပါတယ်။ ပလရွာဟာ အိမ်ခြေလည်းအများဆုံး၇ွာဖြစ်ပီး အထက်တန်းကျောင်းကြီးများအစသဖြင့် တည်ရှိတဲ့ရွာလည်းဖြစ်ပါတယ်။ ကျနော်တို့ ဒီအေဘီစစ်ကြောင်းမှူးက အားလုံးစစ်ရေးသတိရှိရန် ကင်းအသေအချာချရန် အမိန့်ပေးကာ ကင်းများကို အသေအချာချကြရပါတယ်။ ကျနော်တို့ ရန်သူ န၀တ ထိန်းချုပ်ရာ နယ်မြေအတွင်းပိုင်းကို နက်နက်ရှိုင်းရှိုင်း ထိုးဖေါက်ပီး ၀င်ရောက်နေရာယူထားတာလဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဒီရွာကို ထိုးဖေါက်စည်းရုံးတိုင်း တိုက်ပွဲအကြီးအကျယ်ဖြစ်တဲ့ ရွာဖြစ်ပါတယ်။ ပလ ရွာက ပြည်သူများကလည်း ထမင်းဟင်းချက်ပြုတ်ကျွေးကာ တိုက်ပွဲကို အားပေးကြပါတယ်။ ဆိုက်ကယ်များနဲ့တောင် ကျည်ဆံတွေသယ်ပို့ပေးခဲ့တယ်လို့သိရပါတယ်။ အဲဒီရွာမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ဖူးပီး ၃ ရက်မြောက်လောက်မှ ကျနော်တို့တပ်ဖွဲ့တွေ ဆုတ်ခွာခဲ့ကြတာလို့ဆိုပါတယ်။ အခုလဲ ကျနော်တို့ ရန်သူနားရွက်ကိုကျနော်တို့တတွေးဆွတ်ထားပီးပီ။ ဒီရွာကိုရောက်ရင်တော့ သေချာပေါက် ရန်သူထွက်လာတိုက်မည်ဆိုတာကို ကျနော်တို့ တွက်ချက်ပီးသား။ နိုင်ငံရေးအရလဲ စည်းရုံးဟောပြောချင်တာကတကြောင်းတိုက်ပွဲဖေါ်ချင်သည်ကလည်းတကြောင်းကြောင့် ကျနော်တို့ ဒီပလ ရွာကို ပစ်မှတ်အဖြစ် ရွေးချယ်ကာ ဦးတည်ချီတက်ခဲ့ကြ တာဖြစ်ပါတယ်။


ဖော်ထားမည့်စာကိုဒီနေရာမှာရေးပါ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment