Saturday, October 5, 2013

တပိုတိုက်ပွဲအတွေ့အကြုံအပိုင်း (၃)



ကျနော်တို့ ညနေ ၅ နာရီခန့်လောက်မှာ အတုအယောင်အမျိုးသားညီလာခံဆန့်ကျင်ရေးပိုစတာတွေ ရွာလည်မှာကပ်တယ် မနက်ပိုင်းမှာ ဟောပြောပွဲရှိတယ် တရွာလုံးလာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီနောက် မနက် ပလ၇ွာ အထက်တန်းကျောင်းမှာ ကျနော်တို့ လော်စပီကာ သုံးပ၊ီးကို အမျိုးသားညီလာခံဆန့်ကျင်ရေးတရားများဟောပါတယ်။ ကျနော်ပထမဆုံးဟောတယ် နောက် ၂၀၁ တပ်ရင်းမှူး ရဲဘော်သောင်းညွှန့်ဟောတယ်။ ပီးတော့ ဟောပြောပွဲကို ရုတ်သိမ်းခဲ့ပါတယ်။ ဟောပြောပွဲဟာ ၂ နာရီခန့်ကြာမယ်ထင်ပါတယ်။ အဲဒီနောက် ရန်သူ ကျနော်တို့ရှိရာကို စတင်ချီတက်လာပီဆိုတာ သတင်းတွေစကြားပါတယ်။ အထူးသဖြင့် နယ်မြေခံပြည်သူများထံမှ သတင်းအချို့ကို စတင်ရရှိလာပါတယ်။ တပ်ခွဲမှူး ကိုလှဦးက သူရရှိထားတဲ့ ရန်သူ့အခြေအနေသတင်းတွေကို ကိုဖုန်းကျော်၊ ဗိုလ်နယ်ဒါး နဲ့ ကျနော့ထံသို့ ဆက်သွယ်ရေးစက်များကတဆင့် ပို့ပေးပါတယ်။ ကိုဖုန်းကျော်ရော ဗိုလ်နယ်ဒါးတို့က ကျနော့အားဘာလုပ်ကြမလဲ လို့မေးပါတယ်။ သူတို့က တပ်ကိုတိုက်ရိုက်ကွပ်ကဲအမိန့်ပေးသူများဖြစ်သော်လည်း ကျနော်က တာဝန်အရ အမြင့်ဆုံးလိုမျိုးဖြစ်နေတဲ့အတွက် ကျနော့ကိုသတင်းလည်းပေးရင်းမေးလဲမေးရင်းပြောပါတယ်။ ကျနော်တို့ ပလ ဘုန်းကြီးကျောင်းဝင်းထဲက ဇရပ်တဆောင်မှာ ကျနော် ဗိုလ်နယ်ဒါး ဗိုလ်ဖုန်းကျော် ဗိုလ်လှဦး တပ်ရင်းမှူး ကိုသောင်းညွှန့်တို့ အစည်းအဝေးထိုင်ကြပါတယ်။ 


ဗျူဟာဆွဲပြီ
          အစည်းအဝေးစတာနဲ့ ဗိုလ်နယ်ဒါးက ဘယ်လိုလုပ်ကြရင် ကောင်းမလဲလို့ အကြံ ဉာဏ်တောင်းပါတယ်။ ကျနော်က ၁၉၉၀ တုန်းက စစ်ရေးချုပ်မှာ အဘ ဗိုလ်စွန်ညိုနဲ့အတူ နေတုန်းက အဘဘာတွေငါတို့ကို စစ်ဆင်ရေးနဲ့ပတ်သက်လို့ဘာတွေပြောပြခဲ့သလဲဆိုတာ ကို ပြန်စဉ်းစားပါတယ်။ ပထမ တချက်က ရန်သူကို ပစ်မှတ်အသေ မပေးနဲ့။ ဟုတ်တယ်ကျနော်တို့ ပလမှာရှိနေတာ ရန်သူသိနေပီ။ ပလမှာ တချိန်တုန်းကလဲ ရက်ရှည်တိုက်ပွဲကျောင်းသားတွေ ဆင်နွှဲခဲ့ဖူးတာထောက်ချင့်ပြီး ရန်သူက ပလမှာ ကျောင်းသားတွေဆက်နေမယ် သူတို့က ဘိတ်ဖက်ကနေ ကုန်းလမ်းတကြောင်းရေတကြောင်းနဲ့ချီတက်ကာ နှစ်ဖက်ညှပ်ချမယ်။ ရန်သူက သေချာပေါက် ပလ မှာ တိုက်ပွဲဆင်နွှဲဖို့ပြင်နေပြီ။ အဲဒီတော့ ကျနော်တို့ကလည်း ပလ မှာအနေပြမယ် ရန်သူတွက်ထားသလို ငါတို့ပလမှာ အခိုင်အမာ တပ်စွဲထားဦးမယ်ဆိုတာမျိုးအထင်ပေါက်အောင် လုပ်လိုက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပလကနေ အမြန်ဆုံးဆုတ်ခွာမယ်။ ဒါပေမဲ့ ထွက်ပြေးတာမဟုတ်။ နောက်တချက်က ခြေအကြွမှာတိုက် ဆိုတာကို သတိရတယ်။ ရန်သူက ကျနော်တို့ပလမှာဆက်နေနေတုန်း တိုက်ချင်မှတိုက်မယ် ဒါပေမဲ့ ကျနော်တို့ ပလ ကထွက်ဖို့ပြင်တဲ့အချိန်အလစ်အငိုက် ၀င်တိုက်လိမ့်မယ်။ ဒါကြောင့် ကျနော်တို့ပလမှာစောင့်မတိုက်သင့်ဘူး ထွက်တိုက်ုသင့်တယ်လို့။ ဒီအချက်တွေကို အဲဒီအစည်းအဝေးမှာတင်ပြခဲ့ပါတယ်။ ဒါ့အပြင်ကျနော်တို့ပလ ကထွက်ခွာချိန်ကို ရန်သူမသိစေရဘူး လို့။ အဲဒီနောက်မှာတော့ ဗိုလ်ဖုန်းကျော်နဲ့ ဗိုလ်နယ်ဒါးတို့က သူတို့ ဘာလုပ်သင့်သလဲဆိုတာ ကောင်းကောင်း သဘောပေါက်သွားကြပြီး နှစ်ဦးစစ်ဆင်ရေးအသေးစိတ် ကိစ္စများထပ်မံညှိနှိုင်းကာ အစည်း အဝေးကို ရပ်နားခဲ့ပါတယ်။
လက်တွေ့စစ်ဆင်ရေး
          အဲဒီ ဇန်န၀ါရီ ၁၆ ရက်နေ့ညနေဘက်ရောက်လာတော့ ကျနော်တို့ ည ၅ နာရီခွဲ ၆ နာရီလောက်နေ၀င်ရီတရော အချိန်လောက်တွင်မှ တပ်တချို့ က ဇရပ်ဆိပ်ရွာဖက်ထွက်ခွာ တပ်တချို့က မိန်းမမြို့ဆိုသည့်ရွာဖက်ထွက်ခွာ ကာ ဗိုလ်လှဦး ဦးဆောင်တဲ့ တပ်စိပ်တစိပ်လောက်သာ တပို အထိ ထုတ်ထားပါတယ်။ တပ်စိပ် တစိပ် နှစ်စိပ် ခန့်ကိုတော့ ပလ ရွာအတွင်းမှာ ညနေ ၆ နာရီကျော် ၇ နာရီအထိ သွားလာလှုပ်ရှားခိုင်းထားပီး ညလုံးလုံးမှောင်ပြီဆိုတာနဲ့ ပလ ရွာအတွင်းမှာ အပြီးဆုတ်ခွာကာ ကျနော်ပါဝင်တဲ့ တပ်ဖွဲ့တချို့ကတော့ ဗိုလ်နယ်ဒါး နဲ့အတူ မိန်းမမြို့ရွာထဲဝင်ရောက် နေရာယူထားပါတယ်။ ဗိုလ်ဖုန်းကျော်နဲ့ တပ်စု တစု လောက်ကတော့ ဇရပ်ဆိပ်ရွာထဲမှာ ၀င်ရောက်နေရာယူပါတယ်။ ည ၁၂ နာရီခန့်လောက်မှာ သတင်းတခုထပ်ရတာကတော့ မြိတ်က ခလရ ၁၀၁ နဲ့ ၁၀၃ တပ်ရင်းက တပ်ဖွဲ့တွေဟာ ကုန်းလမ်းကနေ မြိတ် ကျွဲကူးမှ တဆင့် ကုန်းလမ်းအတိုင်းပလ ကိုချီတက်လာနေတာ သဲပုံရွာရောက်နေပြီ ဆိုတာပဲဖြစ်ပါတယ်။ သဲပုံရွာဆိုတာက တပိုနဲ့ မြိတ်တဖက်ကမ်းက ပုလောဘက်သို့လာရင်း စရောက်တဲ့ ကျွဲကူးရွာအကြားက ရွာပဲဖြစ်ပြီး သူတို့က ကျနော်တို့ပလမှာဘက်ရှိတုန်းပဲလို့ အပိုင်တွက်ထားပုံရပါတယ်။ ဒါပေမဲ့ သူတို့ သဲပုံကနေ တပို ရွာသို့ချီတက်မှုဟာ အတော်နှေးကွေးသွားတယ်လို့ဆိုနိုင်ပါတယ်။ ကျနော်တို့နဲ့နီးလာတော့ သူတို့ဘက်ကကြည့်ရင် ရန်သူနဲ့နီးလာတော့ သူတို့ သံသယရှိတဲ့ နေရာတွေအားလုံး ရှင်းရှင်းပြီးချီတက်လာနေရတော့ ကြာတာဖြစ်နိုင်ပါတယ်။ ကျနော်တို့ဘက်ကလဲ တပိုရွာမှာရှိနေတဲ့ ဗိုလ်လှဦးတို့ကို ဗိုလ်ဖုန်းကျော်က လှမ်းသတင်းပို့ပေးပြီးနေရာယူရမဲ့နေရာတွေကို အမိန့်ပေးပါတယ်။ ဗိုလ်လှဦးကလည်း နယ်မြေအခြေအနေကို ကျွမ်းကျင်သူပီပီ သဲပုံရွာမှကားလမ်းအတိုင်းလာလျှင် တပိုရွာအ၀င် တံတားအနီးက တံတားကို အပေါ်စီးမှ မိုးနေသော တောင်ကြောပေါ်၌ နောက်တနေ့မနက်ဖြစ်သည့် ၁၉၉၃ ဇန်န၀ါရီလ ၁၇ ရက်နေ့မနက် ၄ နာရီခန့်လောက်မှ စ၍ နေရာယူပုန်းအောင်နေခဲ့ကာ ရန်သူအလာကို စောင့်နေခဲ့ပါတယ်။ မနက်မိုးလင်း ၇ နာ၇ီကျော်ကျော် ရှစ်နာရီခန့်လောက်မှာ တော့ မိန်းမမြို့ရွာအတွင်းရှိတပ်များအားလုံး ဇရပ်ဆိပ်ရွာအတွင်းသို့ဝင်ရောက်လာခဲ့ပါတယ်။ ကျနော်တို့တပ်တွေအားလုံးဇ၇ပ်ဆိပ်နဲ့ တပိုရွာအစပ်က တောစပ်တွေထဲမှာလည်းနေရာယူထားပြီး။ ကျနော်က ဇ၇ပ်ဆိပ်ရွာထဲက ဗိုလ်ဖုန်းကျော် နေရာယူတပ်စွဲထားသည့် အိမ်တအိမ်ပေါ်သို့တက်လိုက်ပါတယ်။ မနက်စာ အနည်းငယ်စားဖို့ဖြစ်သလိုပြင်ဆင်ပါတယ်။ (ဇရပ်ဆိပ်ရွာဆိုတာက မကြာသေးသောတနှစ် နှစ်နှစ်ကမှ သြစတြေးလျတွင် ကွယ်လွန်သွားသူ ဗဟိုရုံးအဖွဲ့မှူ ဆရာလေး ကျောင်းဆရာလုပ်ခဲ့တဲ့နေရာ သူ အဲဒီရွာကနေပဲ ဒီဘက်တောခိုခဲ့တာ။ နောက် ယခု နော်ဝေ တွင် အခြေချနေသူ ဗဟို စစ်ရေးချုပ်ရုံးအုပ်တာဝန်ထမ်းခဲ့ဖူးသူ ရဲဘော်မြ၀င်းတို့ရဲ့ရွာဖြစ်ပါတယ်။) တဖြည်းဖြည်း မနက် ၁၀ နာရီသို့နားချဉ်းကပ်လာနေပါပြီ။ ထိတွေ့မှုဖြစ်ခါနီးပြီဟု ဗိုလ်ဖုန်းကျော်က ပြောပါတယ်။

သတိရှိရန်လည်းကျနော့်ကိုပြောပါတယ်။ ကျနော့်မှာက ဗိုလ်လှဦးတပ်ဆင်ပေးထားသည့် ကျနော်တခါမှ မပစ်ဖူးသေးသည့် ပစ်စတို တလက်ကလွဲပြီး ရန်သူကို ပစ်ခတ်နိုင်လောက်တဲ့ လက်နက်မရှိ။ ကျနော့ ပီအေ ပဲပြောရမလား ရာဆင်းစိန်ဝင်းတယောက်သာ အေကေ ၄၇ တလက်ကို ကိုင်ဆောင်ထားပြီး ကျနော့်အနားမှာ အမြဲရှိနေပါတယ်။ နောက် စစ်ဒေသက ပါလာတဲ့ ရဲဘော်မင်းစိန် (ယခု အမေ၇ိကန်) စတာတွေရှိပါတယ်။ ကျနော်နဲ့အတူး ဗိုလ်နယ်ဒါး က တပ်စိပ်တစ်စိပ်ခန့်ရှိပါတယ်။ ကျနော်တို့က  စစ်ဆင်ရေး ကွန်မဲစင်တာလို နေရာမျိုးဖြစ်နေပါတယ်။
          ၁၀ နာရီကျော်ကျော်လဲရောက်ရော ၀ုန်းဒိုင်း ဆိုတဲ့ ၆၀ မမ လက်နက်ကြီးကျသံများစကြားရပါတယ်။ အဲဒီမတိုင်ခင်မှာကျနော်တို့ဘက်က လက်နက်ငယ်များစတင်ပစ်ခတ်ပြီးဖြစ်ပါတယ်။ နောက်တိုက်ပွဲအပြီးမှာသိရတာက ဗိုလ်လှဦးက တပိုတံတားကို တက်ရှင်းတဲ့ ၇န်သူတပ်ကြပ်ကြီးကို နဲ့ တပ်စိပ်ကို ၇၉ လောင်ချာနဲ့ ပစ်ချလိုက်တာ ရန်သူတွေ တော်တော်ဒဏ်ရာရကုန်တယ်လို့ဆိုပါတယ်း။ ကျနော်တို့က သတင်းအရင်ရထားတော့ ကြိုစောင့်နိုင်နေရာယူနိုင်လို့ ရန်သူကို ကိုယ်ဖက်က စောစောမြင်ပြီး ရန်သူကို ဦးအောင်ပစ်ခတ်နိုင်တာဖြစ်ပါတယ်။ ပီးတော့ ၇န်သူက အနိမ့် ကိုယ်က အမြင့် စအထွက်မှာကတည်း ဦးချိုးထားလိုက်နိုင်လို့ ရန်သူအား ဒဏ်ရာရ သူတို့ရဲ့ ရဲဘော်တွေနဲ့ တော်တော်အလုပ်ရှုပ်သွားပုံရပါတယ်။ ရန်သူဟာ စထွက်တာနဲ့ တော်တော်အရေးနိမ့်သွားတယ်ဆိုတော့ သူ့ရဲ့ပစ်အားကို အသားကုန်သုံးလာပါတယ်။ အဓိက က ၆၀ မမ မော်တာနဲ့ ကျနော်တို့ နေရာယူနိုင်မယ်ထင်တဲ့နေရာတွေအားလုံးကို လှမ်းပီးမှန်းဆပစ်ခတ်နေပါတယ်။ ဒီတိုက်ပွဲက ပြောက်ကျားတိုက်ပွဲသဘောမဆောင်ဘဲ အင်အားတစုံတရာရှိတဲ့အတိအကျပြောရလျှင် ကျနော်တို့ဘက်က ၁၅၀ လောက်နဲ့ သူတို့ဘက်က တပ်ခွဲ ၂ ခွဲပါစစ်ကြောင်းလောက် ဒယ် ဒယ်ချင်း ဆောင့်တဲ့သဘောလို မျိုးဖြစ်ပါတယ်။ ဒီအေဘီစစ်ကြောင်းတွေကတော့ အဲဒီလိုပဲတိုက်ပွဲဖြစ်ခဲ့တာများပါတယ်။ ကျနော်နဲ့ ဗိုလ်ဖုန်ကျော်လည်း လက်နက်ကြီး သံစကြားပြီးကတည်းက အိမ်ပေါ်မှဆင်းကာ ဇရပ်ဆိပ်ရွာထဲကတဆင့် ရွာအပြင်ကို အခြေအနေကြည့်ပြီးထွက်လာနေပါတယ်။ ဗိုလ်ဖုန်းကျော်ကတော့ နောက်တော့ မြန်မြန်ပြေးသွားပြီး တပ်ကို ကော်မဲ ပေးလို့ရတဲ့နေရာ အထိ ပြေးတက်သွားပါတယ်။ အဲဒီလိုကျနော်တို့တဖြည်းဖြည်းနေရာယူနေချိန်မှာ ၂၀၁ လင်းယုန်မှ ရင်းမှူးသောင်းညွန့်ကွပ်ကဲမှုအောက်ရှိ တပ်ခွဲမှူးကိုရာမန်၏ ဆက်သွယ်ရေးစက်ထဲသို့ ကျနော့်မှာထိပီ။ ဆိုပီး ရဲဘော်တယောက်ရဲ့အော်သံကို ကျနော်ကြားလိုက်ရပါတယ်။ ကျနော်လဲ တချက်တော့ တော်တော်ဖြုံသွားပါတယ်။ ကိုရာမန်ကလဲ ငါ့ညီဘာမှ စိတ်မပူနဲ့ အစ်ကိုတို့လာနေပီ စစ်ကူတွေ အပြည့်ထပ်တက်လိုက် လာနေပီ ညီကို အစ်ကိုတို့ ရအောင်ဆွဲမယ်။ လို့လှမ်းအားပေးပါတယ်။ အဲဒီရဲဘော်က ကျနော်တို့တပ်ရင်း ၂၀၁ ဇင်ယော်မှ တပ်စုမှူး ၀င်းငယ်ဖြစ်ပါတယ်။ သူကိုတက်ဆွဲတဲ့ ရဲဘော်တွေကို ရန်သူက တယောက်ပြီးတယောက်ပစ်နေပါတယ်။ ကျနော်မှတ်မိသလောက် ဆေးမှူး နိုင်နိုင် ထပ်ထိတယ်။ နောက် ရဲဘော်သာဆန်းထိတယ်။အစ ကနဦးမှာ အထိနာသွားတဲ့ ရန်သူတွေဟာ ဗိုလ်လှဦးတို့ ရှိမယ်လို့ထင်ရတဲ့ နေရာတွေကို ကာဘိုင်တွေနဲ့ရော ၆၀ မမ တွေနဲ့ပါ လှမ်းလှမ်းပီးပစ်တာ ဗိုလ်လှဦးမှာ ပေါင် မှာဒဏ်ရာရသွားခဲ့ပါတယ်။ ဗိုလ်ဖုန်းကျော်က နော်ကျန်နေသေးတဲ့ တပ်စုက တပ်စုမှူး ရဲဘော်တင်စိုး နဲ့တပ်မှူးငယ်များကို ကွပ်ကဲကာ သူကိုယ်တိုင် အာပီဂျီ တူးကို ကိုင်၍ ပစ်ခတ်ကာ ရန်သူအားထိရောက်စွာချေမှုန်းနိုင်ခဲ့သဖြင့် ရာဘာတော (ကော်ပတ်တော)အားမျက်ကွယ်ယူထားသော ရန်သူများ ကော်ပတ်တော ထမီးလောင်တော့ သေနတ်ဒဏ်ရာရော မီးလောင်ဒဏ်ရာရော ရကုန်ကြပါတယ်။ ရန်သူဘက်ကလည်း ၄ ယောက်သေ ၁၄ ယောက်ဒဏ်ရာရတဲ့ အထိ ရရှိကာ ရန်သူလည်း အရေးနိမ့်လာပီး သူတို့က အတွင်းဘက်သို့ မျက်နှာလည့် (ဇရပ်ဆိပ်။တပိုရွာဘက်)သို့မျက်နှာလှည့်ကာ ကျနော်တို့ဘက်က အရှေ့ဘက်တောရှိရာ (ကဗျာ၊ ဇာတီဝင်းစတာတွေကိုသွားနိုင်တဲ့လမ်း) ကိုမျက်နှာမူကာ တဖြည်းဖြည်း ပစ်ဆုတ်ဆုတ်သွားကြရင်း ၃ နာရီကျော်ကျော်တိုက်ပွဲ ဖြစ်ပွားကာ ညန၁ နာရီခွဲလောက်ခန့်တွင်မှ တိုက်ပွဲပြီးဆုံးသွား ပါတယ်။ တိုက်ပွဲပြီးတဲ့ အချိန်မှာ ကျနော်တို့ဟာ အရှေ့ဘက်တောစပ်ကို ပြန်ထွက်မဲ့ တပိုရွာရဲ့ အစွန်အဖျား ကိုရောက်ရှိနေပီး ခနတာနားကာ ဗိုလ်လှဦးအပါအ၀င် ဒဏ်ရာရသူ ၅ ဦးကို သယ်ယူပို့ ဆောင်ရေးကိစ္စများစီစဉ်ကာ အရှေ့ဘက်တောထဲသို့တဖြည်းဖြည်းချီတက်ရင်း ည ၈ နာရီခန့်တွင် ကဗျာရွာတွင် ကျနော်တို့ စခန်းချရပ်နားလိုက်ပါတယ်။ ကျနော်တို့ ဒဏ်ရာရ ရဲဘော် သာဆန်းနဲ့တဲတလုံးတွင် ဆေးမှူး၇ဲဘော်တဦး နောက်ရဲဘော်တဦးနဲ့အတူ ညအိပ်တည်းခိုရပ်နားအိပ်စက်ခဲ့ပါတယ်။ ညဘက် ၁ နာရီကျော် ၂ နာရီခန့်လောက်မှာ မိုးကလဲရွာ မိုးကလဲယို နဲ့နောက်တော့တဲကြီးက ၀ုန်းကနဲ ပြိုကျသွားပီး ကျနော်တို့ တဲကို မနည်းပြန်တည့်မတ်ရပါတယ်။ တခြားအိပ်စရာနေရာမှ မရှိတာ။ ဒီလိုနဲ့ ပဲ မိုးလင်းသွားပီး။ အဲဒီရွာကနေ ကျနော်တို့တပ်နဲ့ ဒဏ်ရာရရဲဘော်တွေနဲ့ လမ်းခွဲလိုက်ကြပါတယ်။ ဒဏ်ရာရရဲဘော်တွေကို ဆေးမှူးတချို့နဲ့တွဲပေးပြီး ပိုမြန်တဲ့ ဖြတ်လမ်းကတဆင့် ငါးတတ်ရွာ အဲဒီကမှတဆင့် ကျနော်တို့တပ်ရင်းအခြေစိုက်ရာ မင်းသမီးစခန်း ထီးခီးထီးထား အထိ အမြန်ဆုံးပို့လိုက်ပါတယ်။ ကျနော်တို့တပ်ဖွဲ့တွေကတော့ ၊ဇာတီဝင်းရွာ နောက်တော့ မိချောင်းသိုက် စတဲ့လာလမ်းအတိုင်း ပုလောချောင်းအရှေ့ဘက်ကမ်းတလျှောက်ပြန်လာကာ နောက်ဆုံးမှာ ပြည်ခြားရွာသို့ပြန်ရောက်ရှိပီး တပ်များကို ပြန်ဖြန့်ခွဲလိုက်ကြပါတယ်။
          ဘာပဲဖြစ်ဖြစ် ကျနော် အေဘီ ကျောင်းသားတပ်မတော် တော်လှန်ရေးရဲဘော်ဘ၀ကို ဖြတ်သန်းခဲ့စဉ်က နိုင်ငံရေးစစ်ရေးတာဝန်များကို တာဝန်ထမ်းဆောင်ခဲ့ရာတွင် အရေးကြီးသော စစ်ရေးဖြတ်သန်းမှု မှတ်တိုင် ၃ ခု (ကော့မူးရာဝမ်းခါ၊ ဥူးသုထ၊ တပို) တိုက်ပွဲ ၃ ခုအနက် တိုက်ပွဲအသည်းအသန်ဖြစ်ပွားနေချိန်တွင် တိုက်ပွဲတွင်း၌ အကြာဆုံးရှိနေသည့် ထို တပို တိုက်ပွဲအား မိမိအနေဖြင့် ပြန်လည်ရေးသားမှတ်တမ်းတင်ခြင်းဟာ ကျောင်းသားတပ်မတော် သမိုင်းကို တစိပ်တဒေသ ဖြည့်စွက်ပေးခြင်းလည်းဖြစ်တယ်လို့ထင်မြင်မိပါကြောင်းတင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။
(ယခုအခါ ထိုအချိန်က ဒီအေဘီ ၃ စစ်ကြောင်းမှူး ဗိုလ်နယ်ဒါးသည် နယ်သာလန်နိုင်ငံ၌လည်းကောင်း ဗိုလ်ဖုန်းကျော်နှင့် ဗိုလ်လှဦး၊ ဗိုလ်ရာမန်တို့သည် အမေရိကန်ပြည်ထောင်စု၌လည်းကောင်း၊ တပ်ရင်းမှူး ဗိုလ်သောင်းညွှန့်သည် ယခု အခါ မဲဆောက်မြို့တွင်လည်းကောင်း ကျနော် ဗိုလ်ကျော်ထင်သည် နော်ဝေနိုင်ငံ ဘာဂင်မြို့အနောက်ဘက်က အော့စကေးမြို့လေးတွင်လည်းကောင်း အသီးသီးနေထိုင်လျက်ရှိပါသည်။ )

အမှားပြင်ဆင်ချက်နှင့်ဖြည့်စွက်ချက်
တပိုတိုက်ပွဲအတွေ့အကြုံအပိုင်း (၁)တွင် ၂၀၃ တပ်ရင်း နှစ်ရင်းမှာ ၂၀၃ ဂျိုးသိန်း နှင့် ၂၀၃ စွန်ရဲ တို့ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်နှင့် တပ်ရင်းမှူးများတွင် ၂၀၃ ဂျိုးသိန်း၌ ရဲဘော်ချမ်းနိုင်ဟု ဖြည့်စွက်ဖတ်ရှုပေးပါရန်။ 

ဆက်သွယ်ပြောဆိုလိုပါက
 ကျော်ထင်
 ၀၀၄၇ ၉၉၂၅၁၉၈၈
သို့ဆက်သွယ်ပြောဆိုနိုင်ပါကြောင်း။
(ကျေးဇူးတင်ရှိခြင်း။   ။ ပုလောဒေသ ပထ၀ီမြေအနေအထားအား ပြန်လည်ပြောပြပေးသော အေဘီရဲဘော်ဟောင်း ကိုမြ၀င်း နဲ့ ပုလောဒေသ NLD စည်းရုံးရေးမှူးတဦးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ကိုသစ္စာ တို့အားအထူးကျေးဇူးတင်ရှိပါကြောင်း။)



ဖော်ထားမည့်စာကိုဒီနေရာမှာရေးပါ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment