ပေသီးရိုက်လို့သိတ်မဟန်တော့မှ
ကဗျာဘက်ပြန်လှည့်သလိုမျိုးဖြစ်ဖြစ်နေတာ
ကျုပ်ကိုကျုပ်ကဗျာအပေါ်ထားတဲ့အချစ်သစ္စာ
သိတ်မမှန်ဘူး မရိုးဘူး
ဒါပေမဲ့ကျုပ်အဲဒီအကြောင်းကိုလည်း
ကဗျာကိုကျုပ်ရိုးရိုးသားသားပဲ
ပြောပြဖြစ်ပါတယ်
ဘ၀က ပေသီးမရိုက်လို့လဲ
မဖြစ်ပေဘူးမဟုတ်လား။
ရင်ဖွင့်စရာရှာမရတဲ့
အိပ်မပျော်တဲ့ညတွေ
ရင်ခွင်ကျယ်ကျယ်နဲ့
ကျုပ်ရဲ့ခံစားချက်တွေကို
လက်ခံနားထောင်ပေးတဲ့
နေရာပေးတဲ့ ကဗျာကို
ကြာကြာလာလေ ကျုပ်
သိတ်ချစ်တတ်လာခဲ့ပြီပဲ။
ရွာမှာနေတုန်းကတော့
တခါတလေအိပ်မရတတ်တဲ့
နွေရက်ရှည်တွေကို
မောပန်းနွမ်းလျစွာပဲ
ဖြစ်သလိုကုန်လွန်စေခဲ့တာ
ဂစ်တာတီးတော့လဲ
အိပ်မရတဲ့လူကြီးတွေ
ထဂွီဂွမ်လုပ်လို့
ဂစ်တာလေးကိုအသာလေး
ပြန်ပေးသိပ်လိုက်ရတာ
ဒီသိုးဆောင်းတွေရဲ့ရွာမှာတော့
ညတာရှည်အအေးလွန်ဆောင်းညတွေကို
ကဗျာတွေနဲ့ပဲ
နွေးနွေးထွေးထွေး ပြန်ကွေးနေတတ်တာ
ကျုပ်ကိုကဗျာက
ခွန်အားအသစ်တွေဖြစ်စေခဲ့တယ်ဗျာ။
ကျုပ်ကကဗျာကို
ကဗျာသက်သက်ကြောင့်ပဲချစ်ချင်တာ
သူကသိတ်ချစ်စရာကောင်းတယ်လေ
ကျုပ်ရဲ့ခံစားချက်လေးတွေကို
ကျုပ်တတ်သလောက်စကားလုံးလှလှလေးတွေနဲ့
သေသေချာချာ သော့ခတ်သိမ်းထားလို့လည်း
ကဗျာကလက်ခံတယ်
ကဗျာက သိတ်သဘောထားကြီးတယ်ဗျာ
ကျုပ်သူ့လောက်သဘောထားမကြီးဘူး
ကျုပ်ကြိုးစားကြည့်ပြီးပြီ
လူတွေတော်တော်များများ
ကဗျာကိုချစ်တတ်ကြရင်
ကမ္ဘာလောကကြီး ငြိမ်းချမ်းသွားလိမ့်မယ်
တချို့လူတွေ စကားပြောတတ်လာကြပါလိမ့်မယ်။
ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment