Saturday, October 23, 2010

ပြည်သူငွေတွေနဲ့ အနိုင်မကျင့်နဲ့

ယခုအာဏာရစစ်အစိုးရမှ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ဟာ ယခုလာမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ဇီးကုန်းမြို့နယ်ကနေ ၀င်ပြိုင်မယ်ဆိုတော့ အဲဒီမှာ ၀င်ပြိုင်မယ်ဆိုတဲ့ တစညပါတီနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) တို့က ၀င်မပြိုင်တော့ဘူးလို့သိရပါတယ်။ တစည ကတော့ သူတို့ညီနောင်ပါတီချင်းဖြစ်လို့ အလျှော့ပေးတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီမိုကရက်တစ်ပါတီမြန်မာနိုင်ငံက ဘာကြောင့်ဝင်မပြိုင်တာလဲဆိုတာကို ဦးသုဝေက ပြန်လည်ဖြေကြားတာကတော့ ငွေမရှိလို့ပါတဲ့။ ဒီရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီက တချိန်က သူတို့အဆိုအရ တနိုင်ငံလုံးအတိုင်းအတာအရဖွဲ့စည်းထားတဲ့ နိုင်ငံတော်ပိုင်ပြည်သူပိုင်ဖြစ်တဲ့အသင်းအဖွဲ့တခုက ကြံ့ဖွံ့အသင်းကနေ တဆင့်ဖြစ်ပေါ်ဖွဲ့စည်းခဲ့တဲ့ပါတီဆိုတာ အားလုံးသိကြပါတယ်။ သူတို့လည်းပြောပါတယ်။ ပြည်သူပိုင်ဖြစ်တဲ့ ကြံ့ဖွံ့အသင်းရဲ့ငွေတွေက အများပြည်သူပိုင်ဖြစ်ပြီး ကြံ့ဖွံ့ပါတီက ယင်းကဲ့သို့ ကြံ့ဖွံ့အသင်းပိုင်ငွေများကို ပါတီ၇န်ပုံငွေအဖြစ် ပြောင်းလဲအသုံးပြုပြီး ဈေးကြီးလှတဲ့ရွေးကောက်ပွဲမှာ တခြားပါတီတွေ နယ်ပေါင်းစုံရွေးကောက်ပွဲမ၀င်နိုင်တဲ့အပေါ်မှာ ကောင်းကောင်းအမြတ်ထုတ်ပြီး ရွေးကောက်ပွဲကို မတရားတဲ့နည်းလမ်းနဲ့အနိုင်ယူဖို့ကြိုးပမ်းနေပါတယ်။ တကယ်က ပါတီတွေဆိုတာ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့အသဲကြားကမဲတပြားကို တရားတဲ့နည်းလမ်းတွေနဲ့သာ ယှဉ်ပြိုင်အနိုင်ယူသင့်ပါတယ်။ အဲဒီလိုနည်းလမ်းနဲ့ ရွေးကောက်ပွဲမှာအနိုင်ယူမဲ့အစား ကြံ့ဖွံ့ပါတီအနေနဲ့ ကြံ့ဖွံ့အသင်းက ရယူခဲ့တဲ့ ငွေတွေကို ၄င်းတို့တပါတီတည်းက မရယူဘဲ တရားမျှတတဲ့ပါတီစုံစနစ် ပေါ်ပေါက်ရေး ပါတီများရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ကာ ရွေးကောက်ပွဲဝင်ပါတီများကို ၄င်းတို့၏ပါတီအရွယ်အစားအရ မျှတစွာခွဲဝေသုံးစွဲကာ တရားမျှတမှုကိုမြတ်နိုးသော ပါတီအဖြစ်ပြည်သူအားဖေါ်ပြ၍ ပြည်သူအားစည်းရုံးသင့်ပါတယ်။ တရားမျှတမှုကို ချစ်မြတ်နိုးလှတဲ့ မြန်မာပြည်သူတွေဟာ အဲဒီလိုပြုလုပ်ရင် ကြံ့ဖွံ့ပါတီကိုလည်းကောင်း တချိန်က ကြံ့ဖွံ့အသင်းကိုလည်းကောင်း တကယ့်ကို ပြည်ထောင်စုကြံ့ခိုင်ရေးအတွက် ဖွဲ့စည်းဖြစ်ပေါ်ခဲ့တဲ့အသင်းများအဖြစ် အသိအမှတ်ပြုပြီး ရွေးကောက်ပွဲဟာလည်း မျှတတဲ့ရွေးကောက်ပွဲအဖြစ်အသိအမှတ်ပြုလာကြမှာဖြစ်ပါတယ်။ အခုကတော့ မတရားအနိုင်ကျင့်ယူထားတဲ့ လွှတ်တော်ကိုယ်စားလှယ်အမတ်များသာဖြစ်လာကြမှာဖြစ်ပြီး ပြည်သူတွေရဲ့အသဲကြားကမဲတပြားကတဆင့်ရရှိလာတဲ့ တကယ့်စစ်စစ်မှန်မှန်လွှတ်တော်အမတ်များ ဖြစ်လာကြမှာမဟုတ်ဘူး ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ ပြီးတော့ အသဲကြားကမဲတပြားဆိုတာ အမိန့်နဲ့ပေးခိုင်းလို့မရကြောင်း စစ်ဗိုလ်ချုပ်တွေကောင်းကောင်းသဘောပေါက်ဖို့လိုပါတယ်။ ပြည်သူတွေက ဘာကြောင့် စစ်တပ်တဖြစ်လဲပါတီတွေကို အသိအမှတ်မပြုကြလဲဆိုတာကတော့ အဲဒီလို မတရားတဲ့လုပ်ရပ်များက ပြည်သူတွေကို တခြားပါတီတွေကို အလိုလိုထောက်ခံလာစေရန် တောခြောက်လွှတ်နေခြင်းကြောင့်သာဖြစ်ကြောင်း စစ်တပ်က၄င်း စစ်တပ်တဖြစ်လည်းပါတီများကသော်လည်းကောင်း မှန်ကန်ကောင်းမွန်စွာ အခြေအနေကို အသိအမှတ်ပြု၍ အမှားတခုကို အမှားတခုဖြစ်ပြင်ခြင်းအားဖြင့် အမှားနှစ်ခုဖြစ်မလာစေဘဲ အမှားကို အမှန်ဖြစ်သာပြင်ခြင်းအားဖြင့် ပါတီစုံဒီမိုကရေစီစနစ်သို့ တရားမျှတစွာချီတက်သင့်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။

No comments:

Post a Comment