စစ်မှုထမ်းဘ၀မှ အနားယူပြီးနောက် အနည်းဆုံး ၂ နှစ် သို့မဟုတ် ၃ နှစ်ခန့်ကြာမြင့်ပြီးမှသာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဆိုသည့် အပိုဒ်တခုကို ရွေးကောက်ပွဲဥပဒေတွင်ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ဖြစ်စေ ထည့်သွင်းရေးဆွဲထားသင့်ပေသည်။ သို့မှသာ စစ်မှုထမ်းနေစဉ်ကာလ အရှိန်အ၀ါကို အသုံးပြု၍ နိုင်ငံရေးတွင် ၀င်ရောက်ခြယ်လှယ်သည့် အမဲရောင်နိုင်ငံရေးကို မလုပ်နိုင်အောင်ကာကွယ်နိုင်မည်ဖြစ်ပေသည်။ ယခု နအဖ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ ဗိုလ်ချုပ်ကြီးရွှေမန်းတို့လုပ်သလိုကိစ္စမျိုးကို ဆိုလိုပေသည်။ ယင်းသည် အမဲရောင်နိုင်ငံရေးဖြစ်သည်။ နိုင်ငံရေးကို အဖြူရောင်သန့်သန့်လုပ်ကြတာကောင်းသည်။ မညစ်ပတ်ကြေး တရားမျှတစွာယှဉ်ပြိုင်ကြတာကောင်းသည်။ နအဖ ဗိုလ်ချုပ်ကြီးတွေဟာ စစ်သားတွေပဲ သတ္တိမရှိကြဘူးလား တရားမျှတစွာမယှဉ်ပြိုင်ရဲဘူးလား။ အဲသလိုစိန်ခေါ်ရမည်ဖြစ်နေပေသည်။ ကျနော်ရှစ်လေးလုံးအရေးတော်ပုံအပြီးတော်လှန်ရေးနယ်မြေရောက်ခါစက ၈၉ ခုနှစ်ခန့်တွင်ဖြစ်မည်ထင်သည်။ စာရွက်အဖြူ နှင့် ၃ ခေါက်ချိုးကာ ရေးသားပုံနှိပ်ထားသော အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ခဲ့ရစဉ်က အမေရိကန်စစ်မှုထမ်းများအားလုံးသည် (ဗိုလ်ချုပ်မှုးကြီး ဗိုလ်ချုပ်ကြီး အစသဖြင့်အားလုံးပေါ့ဗျာ) နိုင်ငံရေးမှာ ၀င်အရွေးခံချင်လျှင် စစ်မှုထမ်းဘ၀မှ ပင်စင်ယူပြီး အနည်းဆုံး ၂ နှစ်ကြာမှ စတင်အရွေးချယ်ခံပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားသည်ကိုဖတ်ခဲ့ရဖူးပါသည်။ ယင်းမှာ စစ်တပ်တွင်တာဝန်ထမ်းဆောင်နေသည့်အရှိန်အ၀ါကို နိုင်ငံရေးတွင်တလွဲမသုံးနိုင်ရန်ကာကွယ်ထားခြင်းဖြစ်ပေသည်။ ယခုအခါ ကျနော့အနေဖြင့် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံပုဒ်မဘယ်လောက်တွင် ယင်းကဲ့သို့ရေးသားထားသည်ဟုတော့ မကိုးကားမဖေါ်ပြနိုင်တာကျနော့လိုအပ်ချက်ဖြစ်ကောင်းဖြစ်မည်။ ဒါပေမဲ့ အဲဒါအမှန်ဖြစ်သည်။ စစ်အုပ်ချုပ်မှုသက်ဆိုးရှည်လာသောကျနော်တို့လိုမြန်မာနိုင်ငံတွင် ယင်းပုဒ်မလိုမျိုးပိုလိုပေသည်။ ယခုစစ်သားစစ်ဗိုလ်ချုပ်ဖြစ်နေသူများ နိုင်ငံရေးအာဏာကို စစ်တပ်အာဏာသိမ်းခြင်းဖြင့်မဟုတ်ဘဲ ရွေးကောက်ပွဲနည်းလမ်းဖြင့် ယူဖို့ကြိုးစားချင်သည်ဆိုသည့်အယူအဆကို ကျနော်တို့အားပေးရမည်။ မြန်မာနိုင်ငံသတင်းတွင် စစ်တပ်အာဏာသိမ်းလိုက်သည် ဆိုသည့် သတင်းထက်ေ၇ွးကောက်ပွဲကျင်းပနေသည် ဆိုသည့်သတင်းက ပိုကောင်းပါသည်။ ပို၍ဒီမိုကရေစီသို့ဦးတည်ပါသည်။ သို့သော် အထက်ပါကဲ့သို့ စစ်ဘက်ဆိုင်ရာများ စစ်ဘက်မှ ရွေးကောက်ပွဲနီးမှထွက် ရွေးကောက်ပွဲဝင်ဆိုသည်ထက် ပင်စင်ယူပြီး ၂ နှစ်ကြာမှ ၀င်ရောက်အရွေးချယ်ခံပိုင်ခွင့်ရှိခြင်းက အများကြီးလူအများအမြင်ရှင်းသည်။ ဒီမိုကရေစီတွင် အာဏာရရင်ပြီးရော ဆိုပြီးလုပ်၍မရပါ။ တရားမျှတသောနည်းလမ်းဖြင့် အာဏာရတာမှဟုတ်ရဲ့လား ဆိုသည်က ပို၍အရေးကြီးပါသည်။ ထိုကြောင့် အကယ်၍ ဒီမိုကရေစီကိုလိုလားသောသူများ လွှတ်တော်ထဲတွင်ပါလာပါက ယင်းကဲ့သို့ စစ်မှုထမ်းများစစ်မှုထမ်းဘ၀မှ အနားယူပြီး အနည်းဆုံး ၂ နှစ် သို့မဟုတ် ၃ နှစ်ကြာပြီးမှ အရပ်သားဘ၀ သို့ပြန်လည်၍ထဲထဲဝင်ဝင်ရောက်သွားပြီးနောက်မှသာ နိုင်ငံရေးတွင် လွှတ်တော်အမတ်အဖြစ်ပါဝင်အရွေးချယ်ခံပိုင်ခွင့် ရှိသည်ဟူသော ဥပဒေအပိုဒ်မျိုးကို နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်းကောင်း သို့မဟုတ် ရွေးကောက်ပွဲဥပဒေတွင်လည်းကောင်း ထည့်သွင်းရေးဆွဲပြဌာန်းသင့်ကြောင်းတင်ပြလိုက်ရပေသည်။
ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment