Wednesday, June 16, 2010
သားသားလေးရဲ့ဇွဲမလျှော့တောင်ကုန်း
သားသားလေးကျော်ဖရီးဒမ်း ခေါ် လုံးလုံးဟာ နော်ဝေရောက်တော့ ၄ နှစ်ကျော်ကျော်လောက်ရှိတော့ ဘာ့နာ့ဟာဂယ်ခေါ် မူကြိုကျောင်းတနှစ်တက်ရပါတယ်။ ဒါပေမဲ့မူကြိုနေရာရဖို့ နှစ်ဟောင်းစာသင်နှစ်ကုန်တဲ့အထိ စောင့်ပြီး စာသင်နှစ်အစလဖြစ်တဲ့ သြဂုတ်လစမှနေရာရပြီး ဘာ့နာ့ဟာဂယ်စတက်ရပါတယ်။ သူတို့မှာက ဘာနာ့စကိုးလဲခေါ် မူလတန်းစတက်ရင် သူငယ်တန်းဆိုတာမရှိတော့ဘဲ ပထမတန်းပဲစတက်ရပါတယ်။ ၆ နှစ်မှ အဲဒီမူလတန်းကျောင်းကိုစတက်ရပါတယ်။ ကျနော်တို့အိမ်နဲ့ ဘာ့နာ့ဟာဂယ်ကြားမှာ တောင်ကုန်းကြီးတကုန်းခံနေပါတယ်။ ကျနော်တို့ရပ်ကွက်မှာရှိတဲ့လူတွေအများစုဟာ နော်ဝေဌာနေတွေသာများပြီး နိုင်ငံခြားက အခြေချနေထိုင်လာသူနည်းပါးကာ အများစုဟာကား တစီး သို့မဟုတ် ၂ စီးကိုပိုင်ဆိုင်ကြပါတယ်။ ဒါပေမဲ့သူတို့ကားတွေကတော့ ခုနကကျနော်ပြောတဲ့တောင်ကုန်းလမ်းကိုဖြတ်မမောင်းကြဘဲ အဲဒီတောင်ကုန်းကိုပတ်မောင်းတဲ့ ကားလမ်းအတိုင်းသာမောင်းကြပါတယ်။ ကျနော်တို့ရပ်ကွက်က သားလိုမျိုးဘာ့နာ့ဟာဂယ်တက်တဲ့ကလေးအားလုံးဟာ သူတို့အိမ်က အဖေသို့မဟုတ် အမေက ကားမောင်းပို့ကြပါတယ်။ ကျနော့်သားကတော့ အဲဒီဘာ့နာ့ဟာဂယ်ကျောင်းကို ခြေကျင်ပဲသွားရပါတယ်။ ဒါဟာတကယ်တော့ဘာမှမဆန်းပါဘူး။ ကျနော်တို့မြန်မာပြည်သားတွေအားလုံး ဒီလိုပဲရင်ဆိုင်ကြုံတွေ့ကြရတာပါ။ ဒါပေမဲ့ ကျနော်သားအတွက် ထူးခြားနေတာက အဲဒီရုတ်တရက်မတ်တက်သွားတဲ့ တောင်ကုန်းကြီးပါပဲ။ ကျနော်လည်း ပုံမှန်ခြေကျင်ပဲလျှောက်ရတယ်ဆိုရင် ကျနော်ဒီစာကိုရေးဖြစ်မည်မထင်ပါ။ အခုတောင်ကုန်းက သိသိသာသာကြီး ကျနော်အမြင်ခန့်မှန်း ၅၅ သို့မဟုတ် ၆၀ ဒီဂရီလောက်ရှိမယ်ထင်တယ် ရုတ်တရက်မတ်တက်သွားတာ။ ကျနော်တို့လူကြီးတောင်မှ ရုတ်တရက်အတော်အားယူပြီးတက်ရပါတယ်။ နွေတို့ နွေဦးတို့ဆိုတာတွေမှာဆိုပြဿနာမရှိဘူး။ ဆောင်းဦးတို့ ဆောင်းတို့မှာဆိုရင် နှင်းကတဖက် မိုးနဲ့လေကတဖက် ဆိုတော့ သူ့ကိုကျနော်အမြဲမဆွဲတင်နိုင်ပါဘူး။ ဒီမှာက သူနဲ့တကျောင်းတည်းသားတွေထဲက ဘယ်သူမှ သူ့နဲ့ဘ၀တူအဲဒီတောင်ကိုတက်မဲ့လူတယောက်မှမရှိဘူး။ နို့ဖိုးတို့မှာတုန်းကတော့ ဗွက်ထဲမှာသွားနေရလည်း အားလုံးအဲလိုပဲအတူတူသွားနေကြတာလေ။၊ ဒီမှာက တယောက်တည်းနှင်းတောထဲလျှောက်နေရတာလေ။ အဖေတော့ပါတာပေါ့လေ။ သားကိုသိတ်ကိုယ်ချင်းစာမိပါတယ်။ ငါကလဲဘယ်လိုမှလုပ်မပေးနိုင်ဘူးလို့။ ဒါပေမဲ့ ဘာ့နာ့စကိုးလဲခေါ် မူလတန်းမှာ ၂ တန်းတက်နေတဲ့ မာ့ဂ်နုစ်ဆိုတဲ့အိမ်နီးချင်းနော်ဝေကောင်လေးတယောက်ကတော့ နှင်းကျကျမိုးရွာရွာလေတိုက်တိုက် ခြေကျင်ပဲသွားတော့ သားအတွက်အဖေါ်ဖြစ်ပါတယ်။ တခါသားက ဘယ်လိုအကြောင်းတိုက်ဆိုင်လာလို့မသိ စကားပြောနေရင်းနဲ့ သူက၀မ်းနည်းသံနဲ့တခါပြောတာကျနော်ရင်မှာမကောင်းဘူး ဘာပြောလဲဆိုတော့ အဖေ သားဒီတောင်ကုန်းမတက်နိုင်ဘူးအဖေ တဲ့ ကျနော်ရင်မှာတကယ်မကောင်းပါ သူက ၂ ခါပြောတာကျနော်ကြားမိပါတယ်။ ကျနော်ပြောတယ်သားမတက်နိုင်ရင် အဖေချီတက်မှာပေါ့လို့။ အဲဒီတောင်ကုန်းကို မတက်ချင်ရင်ပတ်သွားရတာက ၁၅ မိနစ်လောက်ပိုသွားရမယ်ထင်ပါတယ်။ ကျနော်တို့က သူ့ကိုအမျိုးမျိုးမြှောက်ခိုင်းရပါတယ်။ သားကအရမ်းလမ်းလျှောက်မြန်တယ်။ အဖေတောင်လိုက်မမီဘူး။ မိန်းမကဆိုရင်လည်းအမေတောင်လိုက်မမီဘူး အမေ့ကိုတောင်သားကဆွဲတင်ရတာအစရှိသဖြင့်ပေါ့။ တခါတလေလဲ သူကတောင်တက်ရတော့မယ် သူငယ်ချင်းကားတစီးကဖြတ်သွားတယ်ဆိုရင် အဖေ ဘယ်တော့ကားဝယ်မလဲတဲ့။ ၀ယ်မှာပေါ့သားရယ်လို့။ ကစားစရာအရုပ်ဝယ်ရင် ကားပဲဝယ်ဖို့သားကဆန္ဒပြင်းပြတတ်ပါတယ်။ ကျနော်ကွန်မြူးကို ပြောမိပါတယ်။ ကျနော်တို့ကိုပေးတဲ့အိမ်လည်းအရမ်းကောင်းတယ်လို့။ ပိုက်ဆံတွေလည်း ကောင်းကောင်းစားကောင်းကောင်းနေနိုင်ပါတယ်လို့။ ဒါပေမဲ့ကျနော်တို့ရပ်ကွက်ဟာ တောင်ကုန်းတွေတက်လိုက်ဆင်းလိုက်ဖြစ်နေပီး ကားရှိတဲ့သူပဲနေနိုင်တဲ့ရပ်ကွက်ဖြစ်တယ်လို့ကျနော်ထင်တယ်လို့။ အမေရိကတို့ဘာတို့ရောက်သွားတဲ့လူတွေက ကားဆိုတာကို အလွယ်တကူဝယ်စီး ကားမောင်းလိုင်စင်ရလွယ်ပေမဲ့ ကျနော်တို့နော်ဝေနိုင်ငံကတော့ ကားမောင်းလိုင်စင်ရဖို့အလွန်အင်မတန်မှ ခက်ခဲတဲ့ နေရာဖြစ်နေပါတယ်။ အခက်အခဲဆိုတာက ဘယ်မှာပဲနေနေရှိမှာပါ။ ဘ၀ ဆိုတာအဲဒီအခက်အခဲတွေကို တိုက်ပွဲတွေကို အရှူံးမပေးဘဲတိုက်ပွဲဝင်နေရမှာပဲမဟုတ်လား။ ဒါပေမဲ့ တချိန်တုန်းက နယ်စပ်ဒုက္ခသည်စခန်းတို့ တော်လှန်ရေးနယ်မြေတို့မှာတုန်းက အဲဒီလိုတိုက်ပွဲဝင်ဖေါ်ရဲဘော်ရဲဘက်တွေရှိတယ်။ အခုကမောပန်းရင်လည်း ကိုယ်တယောက်တည်းပဲ။ သားကိုတော့ ကျနော်တောင်တက်ရင်နဲ့အားပေးပါတယ်။ သားရယ် ဒီတောင်ဟာ သားရဲ့ ဇွဲမလျှော့တောင်ကုန်း ပဲသားလို့။ သားကတော့ ကောင်းကောင်းနားမလည်ပါဘူး။ တချိန်တုန်းက ဖတ်ဖူးတဲ့ ယွီကုန်းတောင်ဖြိုခြင်း ဆိုတာကို ဖတ်ခဲ့ဖူးတော့ အဲဒီတောင်ကုန်းကို ကျနော်ဖြိုခွင့်ရှိမယ်ဆိုရင် ကျနော်ထိပ်ကနေပြီး တဖြည်းဖြည်းဖြိုချဖြည်ချလိုက်ပါပြီ။ အခုတော့သားလည်း တော်တော်ကျင့်သားရပြီး အကောင်လည်းနည်းနည်းကြီးလာတော့ အဲဒီတောင်ကုန်းကို တော်တော်တက်နိုင်သွားပါပြီ။ အဲဒီတောင်ကုန်းက ကျနော်သားကို ဘ၀အခက်အခဲအားမာန်တွေကို ရင်ဆိုင်ကျော်လွှားဖို့အတွက် စိတ်ဓါတ်နဲ့ခွန်အားတွေကို မွေးမြူပေးလိုက်တဲ့ တောင်ကုန်းအဖြစ် သားလေးကြီးလာရင် နားလည်နိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်နေမိပါတယ်။ သူ့ရဲ့ဘ၀မှာ ဘယ်လိုအခက်အခဲကိုပဲတွေ့တွေ့ ငါငယ်ငယ်တုန်းတုန်းက အဲလိုမတ်စောက်တဲ့တောင်ကုန်းကိုတောင် ရအောင်တက်ပြီး မူကြိုတက်ခဲ့တယ်ဆိုတဲ့ ဘ၀အားမာန်ကိုယူပြီး အဲဒီကြုံတွေ့လာမဲ့အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားဖို့ သင်ခန်းစာယူနိုင်ပါစေလို့ ကျနော်ဖြစ်စေချင်နေမိပါတယ်။ span class="fullpost">ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment