ဒီတပတ်ဘာရေးရင်ကောင်းမလဲလို့စဉ်းစားမိရာ အဲဒီမြန်မာပြည်နိုင်ငံရေးပြဿနာဖြေရှင်းရေးနှင့်ပတ်သက်၍တစုံတရာရေးချင်စိတ်ပေါ်ပေါက်လာသဖြင့်ရေးဖို့ကြိုးစားမိပါတယ်။ တကယ်တော့ ဒီအကြောင်းအရာ ဒီအစ်ရှူးဟာ လေးလေးနက်နက်စဉ်းစားပြီးမှလည်းရေးရမယ်ဆိုတာနားလည်ထားပါတယ်။ ခေါင်းထဲမှာရှိနေတာကတော့ကြာပါပြီ။ ဒါပေမဲ့ရေးဖို့ဟာတော်တော်ကိုအရှိန်ယူနေရတယ်။ ချိန်ဆနေရတယ်။ လက်ရှိနိုင်ငံရေးအခြေအနေနဲ့လည်း ဟပ်မိဖို့လိုသလို ကိုယ့်ဖက်ကွင်းကိုပဲမတရားတဖက်သတ်ဖိပြီး နအဖကဂိုးတွေအကြိမ်ကြိမ်သွင်းဖို့ကြိုးစားနေစဉ်မှာ ထိုကိစ္စမျိုးရေးဖို့တော်တော်ကိုလက်တွန့်ရာကနေကြိုးစားရေးဖြစ်တာပါ။ ဒါကလည်း ကျနော်တို့မြန်မာပြည်သူတရပ်လုံးဆင်းရဲအကြပ်အတည်းဒုက္ခရောက်နေတာကိုတတ်နိုင်သလောက်ကူညီမယ်ငါဉာဏ်စွမ်းရှိသမျှကူညီမယ်ဆိုတဲ့စေတနာနဲ့ ဒီအကဲဆတ်လွန်းလှတဲ့ အထိအရှမခံတဲ့ အကြောင်းအရာကို တနည်းအားဖြင့် အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ sensitive ဖြစ်လွန်းလှတဲ့အကြောင်းအရာကို တို့ထိကြည့်ဖို့သတ္တိမွေးပြ၊ီး ဒီအကြောင်းအရာကို ရေးဖြစ်ခဲ့တာပါ။ ကဲနိဒါန်းတွေချည်းပြောနေရုံနဲ့တော့မပြီးဘူးထင်လို့စပြောကြည့်မယ်ဗျာ။
ဒီနေ့မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာ ၉၀ မေရွေးကောက်ပွဲရလာဒ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၁၀ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်အကျခံနေရခြင်း ရွေးကောက်ပွဲဥပဒေတွေထုတ်ပြန်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ မပါနိုင်ခြင်းကိစ္စ နောက်ပိုင်း NLD ပါတီမှတ်ပုံမတင်သည့်ကိစ္စများဟာ ဒီကနေ့နိုင်ငံရေးမှာ မစဉ်းစားရင်မဖြစ်တဲ့အကြောင်းအရာများ မြန်မာပြည်နိုင်ငံရေးအကြောင်းဆွေးနွေးတိုင်းပါလာတဲ့ကိစ္စရပ်တွေပဲဆိုရင်လည်းမမှားပါဘူး။ အဲဒီိမှာ NLD က ၂၀၀၈ ဖွဲ့စည်းပုံကိုလက်မခံနိုင်သဖြင့် ပါတီမှတ်ပုံမတင်ခြင်းစတာတွေဟာလည်းနောက်ဆက်တွဲအဖြစ်ရှိလာပါတယ်။ ဘာဖြစ်လို့NLD ကမှတ်ပုံမတင်တာလဲဆိုတော့ အကြောင်းအရာအများကြီးအထဲကတခုကတော့ စစ်တပ်ကနိုင်ငံရေးမှာ ရွေးကောက်ပွဲမ၀င်ဘဲနဲက အမတ် ၂၅ % ယူမယ်ဆိုတဲ့ကိစ္စဟာလည်းတခုအပါအ၀င်ဖြစ်တယ်ဆိုတာသိရပါတယ်။ ကျနော်ကအဲဒီ စစ်တပ်က နိုင်ငံရေးမှာပါဝင်စွက်ဖက်ခြင်း(military intervention in politics ) ဆိုတဲ့ကိစ္စကို အဓိကဆွေးနွေးမှာဖြစ်ပါတယ်။ အဲဒါကိုဆွေးနွေးရခြင်းဟာလည်း မြန်မာပြည်နိုင်ငံရေးအကြပ်အတည်းကထွက်ပေါက်ရစေချင်လို့ပါပဲ၊။ ကျနော်စည်းလုံးခြင်းသည်အင်အား ၀က်ဘ်ဆိုက်မှာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးဘာသာပြန် ယခုပြီးခဲ့တဲ့အပတ်အထိဆိုလျှင်အမှတ်စဉ် ၃၇ အထိရှိပါပြီ ရေးနေတာ ဒီအကြောင်းအရာနဲ့ အများကြီးပတ်သက်ပါတယ်။ အဲဒီမှာဘာသာပြန်ရေးနေတာတွေက ယင်းအကြောင်းအရာနဲ့ပတ်သက်တဲ့သီအိုရီတွေသဘောတရားတွေ နိုင်ငံတကာမှာလက်တွေ့ဖြစ်ပျက်ခဲ့တာတွေကို ထင်ဟပ်တာဖြစ်ပြီး ဒီအခုကျနော့ဘလော့မှာ ရေးတဲ့ဆောင်းပါးကတော့ အဲဒီကအယူအဆတွေနဲ့ မြန်မာပြည်နိုင်ငံရေးပြဿနာကို လက်တွေ့ဖြေရှင်းဖို့ချဉ်းကပ်ကြည့်တာပါပဲ။ ဒီမိုကရေစီနိုင်ငံရေးအင်အားစုများအနေနဲ့ ဒီနေ့နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကိုလက်မခံနိုင်တာကို ရှေ့နိုင်ငံရေးလမ်းကြောင်းကို နအဖ ကငါ့မြင်းငါ့စိုင်းစစ်ကိုင်းရောက်ရောက်လုပ်နေတာရယ် ဒီစစ်တပ်က နိုင်ငံရေးမှာဝင်ရောက်စွက်ဖက်မှုက ဘယ်သောအခါမှာ ဆုံးခန်းတိုင်သွားမှာလဲ ဆိုတာကို လုံးဝစိတ်မှာကို မှန်းဆကြည့်မမြင်နိုင်တာရယ်တွေကြောင့်ဖြစ်မယ်ထင်ပါတယ်။ တကယ်လည်း နအဖ စစ်အုပ်စုက နိုင်ငံရေးတွင်စစ်တပ်၏ပါဝင်ပတ်သက်မှုမှဆုတ်ခွာသွားခြင်း (withdrawal of military intervention in politics) ဆိုတဲ့အပေါ်မှာ သံန္နိဌာန်ချစိတ်အလေးအနက်ပြုစိတ် (commitment) မရှိဘူး အာဏာကိုပဲဆုတ်ကိုင်ထားမယ်ဆိုတဲ့အပေါ်မှာပဲ အဲဒီ commitment ဆိုတာကရှိနေတယ်လို့ နိုင်ငံရေးအင်အားစုတွေက တထစ်ချယုံကြည်နေလို့ပါပဲ။ အဲဒီလိုယုံကြည်နေတာဟာလည်း မမှားဘူးလို့ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲ့ဆိုတော့ နအဖ ရဲ့လုပ်ဆောင်မှုများက ဆုတ်ခွာမဲ့နိမိတ်လက္ခဏာကိုပြတဲ့အရိပ်အယောင်ကနည်းပါးနေပြီး ဆုပ်ကိုင်မဲ့အရိပ်အယောက်ကိုပြတဲ့လက္ခဏာများသာ တခါထက်တခါပိုမိုပြသလာနေလို့ပဲ။ တကယ်ကတော့ ကျနော်တို့နိုင်ငံရေးအင်အားစုတွေက နအဖ စစ်အုပ်စုဟာ ဆုတ်ခွာမဲ့လက္ခဏာရှိတယ် အဲဒီအပေါ်မှာလည်း commitment ရှိတယ်လို့ယုံကြည်တယ်ဆိုရင် ၂၅% ဆိုတာကို အသွင်ကူးပြောင်းရေးကာလမှာ စစ်တပ်ကနိုင်ငံရေးမှာပါဝင်ခြင်းဟာမှားမှန်းသိသော်လည်း ယာယီအားဖြင့်လက်ခံထားဖို့ဆိုတာ လက်မခံနိုင်စရာအကြောင်းမရှိပါဘူး။ နောင်တဖြည်းဖြည်းဆုတ်ခွာသွားမယ်ဆိုတာကို စစ်တပ်ကလည်းလက်ခံထားရမှာဖြစ်ပြီး အဲဒီဆုတ်ခွာမဲ့ ဖြစ်စဉ် process ကိုလည်းကျနော်တို့ လှမ်းမျှော်ကြည့်နိုင်ရမယ် forseeable ဖြစ်ရမယ် အဲဒီလိုမျိုးဖြစ်လာတယ်ဆိုရင် ကျနော်တို့နိုင်ငံရေးအင်အားစုများကလည်း အဲဒီဖြစ်စဉ်မျိုးကို ပူးပေါင်းဆောင်ရွက်သွားသင့်တယ်လို့မြင်ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး၂၀၀၈ ဖွဲ့စည်းပုံက ၂၅% ကိုတော့ပေးထားပြီး ဘယ်အချိန်မှာဆုတ်ခွာသွားမှာလည်းဆိုတာလည်းမသိ ဆုတ်မှာလား ဆုပ်ထားမှာလား ဆိုတာကို မကွဲပြားဘဲနဲ့ကံကိုယုံပြီးဆူးပုံကိုနင်းတာကတော့ ကျနော်တို့မိုက်ရာကျပါလိမ့်မယ်။ ကျနော်တို့မလျှော့နိုင်တာမဟုတ်ဘဲ လျှော့သင့်တာကိုလျှော့ဖို့ တင်းသင့်တာကိုတင်းနိုင်ဖို့လိုတယ်လို့မြင်မိပါတယ်။ တခါ ၂၀၁၀ ဖွဲ့စည်းပုံက ဖွဲ့စည်းပုံကို ပြင်ချင်တယ်ဆိုရင် လွှတ်တော်အမတ် ၂၀ %က တင်လာတဲ့အဆိုတခုကို ထောက်ခံလာရင် လွှတ်တော်မှာတင်ပြီးဆွေးနွေးရမဲ့အကြောင်းအရာဖြစ်လာမယ်။ အဲဒီအကြောင်းအရာကို ၇၅% ကထောက်ခံရင် ပြင်ခွင့်ရှိတယ်ဆိုတော့ တကယ်လို့ စစ်တပ်ကနိုင်ငံရေးမှာပါဝင်နေတာနဲ့ပတ်သက်ပြီး အခြေခံဥပေဒေကိုပြင်ဆင်ချင်တယ်ဆိုရင်တော့ အတော့ကိုဖြစ်နိုင်ခဲပါလိမ့်မယ်။ ၂၀% ကိုတောင်မနည်းစုရာမှာဖြစ်ပြီး ၇၅%ထဲက တယောက်ကအဲဒီအဆိုကိုမကန့်ကွက်နဲ့ဦး ကြားနေလိုက်တာနဲ့ အဲဒီအဆိုဟာအောင်မြင်တော့မှာမဟုတ်ပါဘူး။ နောက်တခုက အဲဒီအဆိုကိုတင်တယ်ဆိုတဲ့လူတွေကိုတောင် စစ်တပ်က ရန်ရှာလာနိုင်ပြီးလွှတ်တော်အမတ်အဖြစ်ကဈာန်လျှောသွားအောင်နောက် ထောင်ထဲရောက်အောင်ပို့နိုင်ပါတယ်။ ဒါကတော့ အဆုံးဘက်ကိုဦးးတည်သွားတဲ့ဟာပေါ့ဗျာ။ တကယ်လို့အကောင်းဘက်ကိုအရမ်းကို အလေးပေးပြီးစဉ်းစားကြည့်မယ်ဆိုရင် တကယ်လို့စစ်တပ်က နိုင်ငံရေးမှာ ရေရှည်မှာစစ်တပ်ကပါဝင်နေလို့မရဘူးဆိုတာကို မူအားဖြင့်လက်ခံတယ်ဆိုတာကို ကြေညာပေးမယ်။ တဖြည်းဖြည်းဆုတ်ခွာမဲ့လုပ်ငန်းစဉ်တွေအပေါ်မှာ ဒီမိုကရေစီအင်အားစုတွေတိုင်းရင်းသားအင်အားစုတွေစဉ်းစားထားသင့်တာကတော့ အနာဂါတ်မြန်မာနိုင်ငံမှာ ပြည်ထောင်စုတပ်မတော်ဆိုတာကတော့တခုပဲရှိမယ်ဆိုတာရယ် အဲဒီတပ်မတော်မှာ တိုင်းရင်းသားတပ်များက တပ်မတော်တရပ်စီအသွင်များအဖြစ်နဲ့မဟုတ်ဘဲ ပြည်ထောင်စုတပ်မတော်မှာပါဝင်မဲ့ တိုင်းရင်းသားတပ်ဖွဲ့များရှိမယ်ဆိုတာရယ်တွေနဲ့ အတိတ်တချိန်ကစစ်အုပ်စုရဲ့လူ့အခွင့်အရေးချိုးဖေါက်မှုများအပေါ်မှာ အမှန်တရားနဲ့ပြန်လည်သင့်မြတ်ရေး စစ်ခေါင်းဆောင်တွေရဲ့လုံခြုံရေးနဲ့ နိုင်ငံရဲ့အနာဂါတ်ဆိုတာတွေကို နှိုင်းနှိုင်းချိန်ချိန်ကြိုတင်စဉ်းစားထားသင့်တယ်ဆိုတာတွေပါဘဲ၊ အဲဒီဟာတွေကိုဘာကြောင့်အခုအချိန်မှာဘာမှမဖြစ်သေးဘဲနဲ့ြေ့ပာရတာလဲဆိုတော့ ပြောင်းပြန်ပြန်လှန်စဉ်းစားခြင်း reverse thinking ကျနော်တို့ရောက်ရှိချင်တဲ့အဆုံးကနေ ဒီကနေ့ကာလကိုပြောင်းပြန်ပြန်လှန်စဉ်းစားယူခြင်းနည်းနာက ယနေ့နိုင်ငံရေးပြဿနာဖြေရှင်းရာမှာ အထောက်အကူပြုနိုင်လို့ပါပဲ။ ကျနော်တို့ဒီလိုစဉ်းစားတဲ့ဆိုရင် နအဖက တမျိုးပြောင်းလဲစဉ်းစားတာလည်းဖြစ်ချင်ဖြစ်လာမယ်။ မစဉ်းစားဘဲ ဒုံရင်းအတိုင်းသွားနေတာလည်းဖြစ်နိုင်ပါတယ်း ဘာပဲဖြစ်ဖြစ်မစဉ်းစားတာထက် စဉ်းစားကြည့်တာက ပိုကောင်းလို့ စဉ်းစားကြည့်တာပါ။ တင်ပြကြည့်တာပါ။ စဉ်းစားဖို့တိုက်တွန်းတာပါ။ တိုင်းရင်းသားတပ်ဖွဲ့များအနေဖြင့်လည်း ယနေ့နိုင်ငံရေးအခင်းအကျင်း ဒီမိုကရေစီအခွင့်အရေးဆိုတာလည်း ပိန်းပိတ်အောင်မှောင်နေသေးပြီး တိုင်းရင်းသားအခွင့်အရေးဆိုတာလည်း အလားတူပဲလမ်းစပိတ်နေသေးတဲ့ အနေအထားတွေမှာ ကိုယ့်တိုင်းရင်းသားတပ်တွေကို တပ်မတော်တရပ်အသွင်နဲ့ စည်းလုံးထားဖို့ နယ်စောင့်တပ်တွေ ပြည်သူ့စစ်တွေဆိုတာကိုလည်း လက်မခံဘူးဆိုတာအတော်သဘာဝကျတဲ့ရပ်တည်မှုပါ။ ဒါပေမဲ့ တကယ်လို့ ကျနော်တို့လှံထမ်းလာတာကိုသာမြင်ရတယ် ကံထမ်းလာတာကိုမမြင်ရဘူးလို့ပြောကြတယ်မဟုတ်လား တကယ်လို့ ကျနော်တို့နိုင်ငံရဲ့ကံကြမ္မာကံထမ်းလာပါက (အဲဒီကံထမ်းလာတယ်ဆိုတာလည်း ကျနော်တို့အားလုံးရဲ့စေတနာလုပ်ဆောင်မှုအပေါ်မှာပဲမူတည်တယ်) သားရွှေအိုးထမ်းလာပါက ပြည်ထောင်စုတပ်မတော်တရပ်အသွင်အထဲမှာ တပ်ဖွဲ့များအသွင်နဲ့ပေါင်းစည်းနိုင်မဲ့သဘောထားမျိုးကို ပြင်ဆင်တားသင့်တယ်လို့မြင်ပြီး အဲဒီလိုအခြေအနေမျိုးမှာ ပွင့်လင်းလာတဲ့ဒီမိုကရေစီလမ်းစတွေမှာ တိုင်းရင်းသားအခွင့်အရေးတွေကို နိုင်ငံရေးနည်းလမ်းအားဖြင့် ဆက်လက်လုပ်ဆောင်တောင်းဆိုသွားဖို့ ကိုယ်လိုချင်တဲ့တိုင်းရင်းသားအခွင့်အရေးဆိုတာကိုရအောင်ယူသွားဖို့အကြံပြုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားအင်အားစုတွေကအများကြီးဆိုတော့ ဘယ်တိုင်းရင်းသားက တပ်မတော်ယူသင့်တယ်ဘယ်တိုင်းရင်းသားကတော့တပ်မတော်မယူသင့်ဘူးဆိုတာကို ဘယ်ပေတံနဲ့တိုင်း၇မလဲဆိုတာအတော့ကိုခက်ခဲတယ်မဟုတ်လား။ ဒီလိုမျိုးစဉ်းစားချက်တွေက နအဖ ရဲ့စိုးရိမ်စိတ်တွေကိုအတော်အတန်လျှော့ပါးစေနိုင်တယ်လို့ထင်ပြီး ဒါတွေက နအဖ က ဆုတ်လမ်းကို စဉ်းစားကောင်းစဉ်းစားလာစေနိုင်တဲ့ ကျနော်တို့ဘက်က သွယ်ဝိုက်ချဉ်းကပ်မှု indirect approach ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နအဖစစ်အုပ်စုက ဒီမိုကရေစီလမ်းစလည်းမဖွင့် တိုင်းရင်းသားလမ်းစလည်းမဖွင့်ဆိုရင်တော့ ယခုလိုမျိုး ကိုယ့်တပ်မတော်အသွင်နဲ့ရပ်တည်နေတာကလိုအပ်ချက်တရပ်အသွင်နဲ့ကိုဖြစ်နေသေးတာပါပဲ။ ကဲဒီလောက်တင်ပြတယ်ဆိုရင် စာဖတ်သူများတစုံတရာစိတ်ကူး၇လာပြီလို့ထင်ပါတယ်ခင်ဗျား။ နောက်ပိုင်းလည်းအလျဉ်းသင့်သလို အဲဒီအကြောင်းအရာကို အရဲစွန့်တို့ထိကြည့်ပါဦးမယ်။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment