Sunday, June 6, 2010

နော်ဝေသို့အလာခရီး

ကျနော်တို့ကိုနော်ဝေနိုင်ငံသို့အခြေချနေထိုင်ရန်အတွက် ထိုင်းနိုင်ငံဒေသဆိုင်ရာအားဖြင့်ဆိုလျှင် မဲဆောက်မြို့အခြေဆိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (United Nations High Commission for Refugee- UNHCR)က ၂၀၀၈ ခုနှစ် မေလ ၂၆ ရက်နေ့တွင် နို့ဖိုးဒုက္ခသည်စခန်း၌ တွေ့ဆုံမေးမြန်းမှု (Interview)ပြလုပ်ခဲ့ပါသည်။ ထိုနှစ်စက်တင်ဘာလ ၂ ရက်နေ့တွင် နော်ဝေအစိုးရမှ အခြေချနေထိုင်ခွင့်ကိုလက်ခံကြောင်းစာရရှိခဲ့ပါသည်။ ကျနော့်အားအမေရိကန်အစိုးရမှ အခြေချနေထိုင်ခွင့်အားလက်မခံဘဲငြင်းပယ်ထားစဉ်တွင် ယင်းကဲ့သို့နော်ဝေအစိုးရမှ လက်ခံခဲ့ခြင်းအား ကျနော်တို့မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိခဲ့ကြသည်။ ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရပါသည်။ ထိုနောက်ကျနော်တို့မိသားစုအား နို့်ဖိုးစခန်းမှ နိုဝင်ဘာလ ၉ ရက်နေ့တွင်ထွက်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့အရောက် နော်ဝေနိုင်ငံသို့အရောက်သွားရန် ထွက်ဒေ့ ခေါ် departure date အားပေးပါသည်။ သို့သော် ယင်းထွက်ဒေ့ကို နို့ဖိုးစခန်းမှ အမေရိကန်ထွက်ဒေ့များကပ်လေ့ရှိသော ကြော်ငြာသင်ပုန်းတွင်မကပ်သဖြင့် သွားမှသွားရပါ့မလားလို့ စိတ်စနိုးစနောင့်ဖြစ်နေချိန်တွင် တကယ်လည်း ထွက်ဒေ့အားရွှေ့ဆိုင်းကြောင်း သက်ဆိုင်ရာမှ လာရောက်အကြောင်းကြားပါသည်။ ထိုနောက်ကျနော်တို့ဒီဇင်ဘာလ တတိယပတ်လောက်ခန့်တွင် နော်ဝေနိုင်ငံတွင်အခြေချနေထိုင်ရေးဆိုင်ရာ ယဉ်ကျေးမှုသင်တန်း (Cuူtural Orientation- CO)သင်တန်းတက်ခဲ့ကြပါသည်။ ယင်းနောက် ဒီဇင်ဘာလကုန်ခန့်တွင် ပလာရုံး၌နော်ဝေထွက်ဒေ့များရောက်ပြီဟုသိရသဖြင့် ရုံးအဖွဲ့မှူးအားသွားရောက်မေးမြန်းရာ ကျနော်တို့မိသားစု ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၂၈ ရက်နေ့တွင် နို့ဖိုးစခန်းးမှထွက်ခွာရမည်ဖြစ်ပြီး ၃၀ ရက်နေ့အရောက် နော်ဝေနိုင်ငံသို့သွားရန်ပါရှိနေသည်ကိုတွေ့ရပါသည်။ ယင်းထွက်ဒေ့တရားဝင်စာအား အထက်ကဖေါ်ပြခဲ့သည့်ကြော်ငြာသင်ပုန်းနေရာတွင် ဇန္န၀ါရီလ ၇ ရက်နေ့တွင်တရားဝင်ကပ်သဖြင့်အသေးစိတ်ကြည့်ရှုရာ ပေါင်း ၅ ဦးပါကျနော်တို့မိသားစုလေယာဉ်ခရီးစဉ်မှာ ဇန္န၀ါရီ ၃၀ ရက်အ၀င် ည ၁၂ နာရီ ၁၀မီနစ် (၀၀ ၂၀) အချိန်တွင် Finn Airlines ပိုင်လေယာဉ်ဖြင့် ဘန်ကောက်မြို့ မှစတင်ထွက်ခွာရမည်ဖြစ်ပြီး transit ထရမ်စစ်ခေါ် ကြားစခန်းဖြစ်သည့် ဖင်လန်နိုင်ငံ ဟယ်ဆင်ကီမြို့တော်အား ဒေသစံတော်ချိန် မနက် ၆ နာရီ ကျော်ကျော်ခန့်တွင် ဆင်းသက်မည်ဟုဖေါ်ပြထားပါသည်။ ထိုနော်က ဟယ်ဆင်ကီမှ နော်ဝေနိုင်ငံအော်စလိုမြို့တော်သို့ မနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင်စတင်ထွက်ခွာ၍ မနက် ၇ နာရီ ၅၀ မိနစ်တွင်ရောက်ရှိမည်ဖြစ်ပြီး အော်စလိုမှတဆင့် ကျနော်တို့နေထိုင်မည့် ဘာဂင်မြို့သို့ နေ့လည် ၁၂ နာရီခွဲတွင်ထွက်၍ တနာရီခွဲတွင်ရောက်ရှိမည်ဟုဖေါ်ပြထားပါသည်။ ကျနော်တို့သည်ယခုတခါတော့ကြိမ်းသေပေါက်သွားရမည်ဟု ယုံကြည်ထားခဲ့ပါသည်။ ထိုသို့ယုံကြည်သည့်အတိုင်းလည်းထွက်ခွာခွင့်ရခဲ့ပါသည်။ သားသမီး ၃ ယောက်စလုံးရောဇနီးဖြင့်သူပါ အတော်ပင်စိတ်လှုပ်လှုပ်ရှားရှားရှိနေခဲ့ပါသည်။ လမ်းခရီးအတွက်ပြင်ဆင်သင့်တာတွေပြင်ဆင်ကြသည်။ ဘာတွေယူသွားရင်ကောင်းမလဲစဉ်းစားပြီးပြင်ဆင်ကြပါသည်။ CO သင်တန်းတွင်လည်းဘာတွေယူ၍မရအစသဖြင့်သင်ကြားခံထားရသဖြင့်များများစားစားလည်း ဘာကိုမှဟုတ်တိပတ်တိမယူရဲပါ။ ဒီဒုက္ခသည်စခန်းမှလွတ်ရင်ပြီးရော မြန်မြန်ထွက်ဖို့သာအဓိကဆိုပြီး ဘာကိုမှလည်းဟုတ်တိပတ်တိမယူဖြစ်ခဲ့ပါ။ ကျနော်တို့ နို့ဖိုးစခန်းမှ ဇန္န၀ါရီလ ၂၇ ရက်နေ့တွင်ပင်သတ်မှတ်ပေးထားသည့်ထက်တရက်စောထွက်ခွာရန် IOM (International Organization for Migration) မှ ၀န်ထမ်း ၂ ဦးက ၂၄ ရက်နေ့တွင်လာရောက်အကြောင်းကြားပါသည်။ ကျနော်တို့အတော်ပင်ဝမ်းသာသွားကြပါသည်။ ၀မ်းသာ၍ပင်သိတ်မကြာလိုက် သမီးအငယ်က အဖေအမေ လို့ခေါ်ပြီးမောင်လေးမှာ အပူဖုတွေထွက်နေတယ်ဟုလာပြောပါသည်။ ထိုအချိန်က နို့ဖိုးစခန်းတွင်ကလေးအတော်များများ ရေကျောက်ခေါ်အပူဖုများထွက်ပြီးအတော်ကူးစက်မြန်နေခဲ့ပါသည်။ ကျနော်တို့ခေါင်းနပန်းကြီးသွားသည်။ မကြာသေးမီကမှ အော်စီသို့သွားမည့်မိသားစုတစု ကလေးရေကျောက်ပေါက်တာ သက်ဆိုင်ရာမှတွေ့၍ရေကျောက်ပေါက်တာသက်သာသွားသည်အထိ ပြန်စောင့်ရန်အတွက်စခန်းသို့ပြန်ပို့ခံခဲ့ရသဖြင့် ကျနော်တို့လည်း အနည်းငယ်စိုးရိမ်သွားပါသည်။ စသိသည့်အချိန်နှင့် သွား၇မည့်အချိန်နှင့်ကြားမှာ ၄ ရက်ပဲကျန်ပြီ။ သူ့ကိုအမြန်ဆုံးပျောက်အောင်ကုသဖို့ကြိုးစားခဲ့ရပါသည်။ ကျနော်တို့စိတ်လှုပ်ရှားပျော်ရွှင်စွာစောင့်ဆိုင်းရမည့် ၃ ၊ ၄ ရက်ကို သွားမှသွားရပါ့မလား ရက်များအရွှေ့ခံရဦးမလားဆိုသည့်ခံစားချက်ဖြင့် ဖြတ်ကျော်ခဲ့ရပါသည်။ ကျနော်တို့နော်ဖိုးစခန်းမှစတင်ထွက်ခွာလာသည့် ၂၇ ရက်နေ့တွင် အနည်းငယ်တော့သက်သာစပြုလာပြီ။ သူ့အမေက သနပ်ခါးလေးဖြင့် လိမ်းပြီးဖုံးထားပေးပါသည်။ ၂၈ ရက်နေ့ညတွင် ဆေးအနည်းငယ်စစ်ပါသည်။ နော်ဝေ အစီအစဉ်ကမလာမီတွင်ကျန်းမာရေးကိုသိတ်မစစ်၌သာတော်တော့သည်။ လေယာဉ်စီး၌ရမရလောက်သာစစ်ပြီးအိုကေဟုဆိုမှ ကျနော်တို့အလုံးကြီးကျသွားပါသည်။ ထိုနောက်ကျနော်တို့ ၂၉ ရက်နေ့မနက် ၁၀ နာရီခွဲခန့်တွင် မဲဆောက်မြို့မယ်ပအရပ်ရှိအခြေချနေထိုင်ရေးရုံးဂေဟာမှ IOM ကားဖြင့်စတင်ထွက်ခွာ၌ နေ့လည် ၁ နာရီခန့်တွင် နကော်စ၀မ်တွင်ခဏရပ်နားကာ နေ့လည်စာစားကြပါသည်။ ထိုင်းထမင်းထိုင်းဟင်းနောက်ဆုံးစားခဲ့ရသည့်အနပ်ဖြစ်ပေသည်။ ထိုနောက် ကျနော်တို့သည် သုဝဣဘူမိလေဆပ်သို့ညနေ ၆ နာရီခွဲခန့်တွင်ရောက်ရှိပြီး စောင့်ဆိုင်းနေခဲ့ရပါသည်။ IOM မှ ၀န်ထမ်းများမှ အဆင့်ဆင့်လက်လွှဲပေးသွားကြပြီး စာရွက်စာတမ်းများပြည့်စုံမစုံယူကြည့်ကာယင်းစာရွက်စာတန်းဖြင့်လိုအပ်သည်များဆောင်ရွက်ပေးကြပါသည်။ ကျနော်တို့နှင့်အတူခရီးသွားရမည့်သူများမှာ နို့ဖိုးစခန်းမှ ကရင်ဒုက္ခသည်မိသားစု ၂ စုနှင့် ထန်ဟင်းစခန်းမှ မိသားစု ၁ စုဖြစ်ပေသည်။ Check-in ၀င်ပြီးပစ္စည်းများစစ်ဆေးခြင်း ကိုည၉နာရီကျော်ကျော်ခန့်တွင်စတင်ပြုလုပ်ပြီး passport control ကိုဖြတ်ခြင်းတို့ကိုလည်းဆက်လက်ဆောင်ရွက်ကာ ည ၁၀ နာရီကျော်ကျော်ခန့်တွင်ကျနော်တို့အဆင်သင့်ဖြစ်နေခဲ့ပါသည်။ ကျနော်အယင်တခါ ၁၉၉၈ ခုနှစ်က ABSDF ဘ၀ဖြင့် စကင်ဒီနေဗီးယားခရီးစဉ်သွားရောက်လည်ပတ်လေ့လာခွင့်ရခဲ့တုန်းက ယခုသုဝဣဘူမိလေဆိပ်မပြီးသေးပါ။ ယခင်ဒိုမွိုင်းလေဆိပ်မှထွက်ခဲ့ပါသည်။ ကျနော်တို့အဆင်သင့်ဖြစ်၍စောင့်ဆိုင်းနေစဉ်တွင်ကျနော့သားတော်မောင် ကျော်ဖရီးဒမ်း ခေါ် မောင်လုံးလုံး က သွားကိုက်လာပြန်ပါသည်။ သူ့ကိုချော့လိုက် မကြာခင်ရောက်တော့မည် လေယာဉ်စီးရတော့မည်နှစ်သိမ့်လိုက် အားပေးလာခဲ့ရပါသည်၊ွှဤသို့ဖြင့် သတ်မှတ်ထားသည့်အချိန်တိုင်းပင် ကျနော်တို့ဘန်ကောက်လေဆိပ်မှ ဟယ်ဆင်ကီလေဆိပ်သို့ ၁၂ နာရီကြာပျံသန်းလာခဲ့ပါသည်။ လမ်းခရီးတလျှောက်လုံးတွင် ကျနော့သားတော်မောင်က ဆက်လက်သွားကိုက်နေသေးသဖြင့် ကျနော်မှ သူသက်သာသလိုလဲလျောင်းနေနိုင်စေရန် သူ့ကိုနေရာအကျယ်အပြန့်ပေးထားရ၌တခါတလေ ထိုင်ခုံလက်ရန်းတွင်ပင်တင်တခြမ်းတင်၍ထိုင်လာရသဖြင့် ဘယ်လိုမှအဆင်မဖြစ်ခဲ့ပါ။ စိတ်လှုပ်ရှားပျော်ရွှင်စွာလေယာဉ်စီးရမည့်အစား မြန်မြန်သာရောက်ပါစေတော့ဟုသာ ဆုတောင်းနေမိရပါတော့သည်။ ဟိုဘက်ရောက်လျှင်အေးလျှင်ပိုကိုက်မည်ဟုစိတ်ထင်ထားခဲ့သော်လည်း ဟယ်ဆင်ကီအေ၇ာက်တွင်တော့သိတ်မကိုက်တော့။ လေယာဉ်စတင်စီးစဉ်အချိန်တွင်တော့ ကျနော်တို့လေယာဉ်က မြန်မာပြည်လေပိုင်နက်ထဲ တခဏဖြတ်သွားလိုက်တာကို လေယာဉ်ပျံသန်းမှုပြသသည့် ရုပ်မြင်တွင်တွေ့လိုက်ရသည်။ ရေးမြို့ကျော်ကျော် မော်လမြိုင်နားလောက်တွင်မြန်မာပြည်အတွင်းသို့ဝင်ရောက်၍ မြစ်ဝကျွန်းပေါ်အမြီးပိုင်းနားလောက်တွင် ဖြတ်သွားဘင်္ဂလားဒေ့ရှ်အိန္ဒိယ ပါကစ္စတန် စသည်တို့မှတဆင့် ရုရှားကိုဖြတ်ကာဖင်လန်သို့ရောက်ရှိခဲ့ပါသည်။ ထိုမှတဆင့်လေယာဉ်အငယ်လေးများ သတ်မှတ်ထားသည့်အတိုင်း ၂ ဆင့်စီးကာ နော်ဝေနိုင်ငံဘာဂင်မြိ့သို့ရောက်ရှိခဲ့ပါသည်။ ထိုခရီးသည်ကျနော်တို့ဘ၀ကိုအကြီးအကျယ်ပြောင်းလဲစေခဲ့သည့်ခရီးဖြစ်သည်ဟူ၍ပြောလျှင်မှားမည်မထင်ပါ။ ဆန်တပုံး ဆီတလစ်ဘ၀မှ နော်ဝေအစိုးရ၏လူမှုသက်သာချောင်ချိမှုအထောက်အပံ့အစီအစဉ်များရရှိသည့်ဘ၀သို့ကူးပြောင်းပေးခဲ့သည်။ နိုင်ငံမဲ့ဘ၀မှ ကျနော်တို့သားသမီးများ တနိုင်ငံငံ၏ နိုင်ငံသားတဦးဖြစ်နိုင်သောဘ၀ သို့ကူးပြောင်းပေးခဲ့သည်။ ကျနော်တို့နှင့်အတူ နို့ဖိုးဒုက္ခသည်စခန်းတ၊ွင်နေထိုင်ရင်းကျန်ရစ်နေသေးသော တချိန်တုန်းကဘ၀တူများကို ယင်းကဲ့သို့အမြန်ဆုံးလွတ်မြောက်စေချင်သည်။ ကျနော်တို့မြန်မာနိုင်ငံ၏နိုင်ငံရေးအခြေအနေပြေလည်ဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုတာသေချာနေသေးလို့မဟုတ်ပါလား။ class="fullpost">ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment