Tuesday, May 25, 2010

လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲမဟုတ်ကြောင်း

အသွင်ကူးပြောင်းရေးကာလတွင်ကျင်းပသော ရွေးကောက်ပွဲများတွင် ယင်းရွေးကောက်ပွဲများကျင်းပစဉ်တွင်ရှိနေသော တည်ဆဲအစိုးရသည် ပါဝင်ယှဉ်ပြိုင်သော ပါတီတခုခုသို့ တိမ်းညွတ်စိတ်ပါဝင်စားမှု (commitment) မရှိသောအစိုးရတရပ်ဖြစ်ရန်အလွန်အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော်အသွင်ကူးပြောင်းရေးကာလတွင်ရှိနေသော အစိုးရအပေါ်၌ ပါတီများ၏ ယုံကြည်မှုလျော့နည်းနေတတ်၍သော်လည်းကောင်း ပါတီိအချင်းချင်းအကြားတွင်လည်းကောင်း ယုံကြည်မှုလျော့နည်းနေ၍သော်လည်းကောင်း နောက်ခံနိုင်ငံရေးစနစ်တခုလုံးကလည်း ခိုင်မာအားကောင်းခြင်းမရှိသေး၍လည်းကောင်းဖြစ်ပေသည်။ ရွေးကောက်ပွဲဟူသည်မှာ ဒီမိုကရေစီစနစ်တည်ဆောက်ပြီးသားနိုင်ငံများ၌ပင် အငြင်းပွားမှုများပေါ်ပေါက်တတ်ရာ ထိုအငြင်းပွားမှုများနှင့်ပတ်သက်၍ တရားမျှတစွာဖြေရှင်းနိုင်သောယန္တရားများ သည်ဒီမိုကရေစီတည်ရှိပြီးသားနိုင်ငံများ၌မူရှိနှင့်နေပြီးသားဖြစ်၍ ယင်းကဲ့သို့ပေါ်ပေါက်မှုများကိုဖြေရှင်းရာတွင်လည်း တရားမျှတစွာရှာဖွေပြီး တရားမျှတမှုများရှာဖွေခဲ့ဖူးသည့် အတိတ်ကာလက သာဓကများများစွာလည်းရှိနေသဖြင့် ထိုနိုင်ငံများတွင်မူ အာဏာရပါတီအစိုးရက အာဏာကိုဆွဲကိုင်ထားပြီး ထိုပါတီကရွေးကောက်ပွဲဝင်လည်းပြဿနာမရှိပေ။ ထိုကဲ့သို့သောနိုင်ငံများမဟုတ်ပဲ စနစ်ဟောင်းတခုမှတခုသို့ကူးပြောင်းသော ဥပမာအားဖြင့်ယခုမြန်မာနိုင်ငံကဲ့သို့ တပါတီစနစ်မှဒီမိုကရေစီသို့ ပို၍ပြင်းထန်စွာပြောရလျှင် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ကူးပြောင်းရန်ကြိုးပမ်းနေသောနိုင်ငံများတွင် ထိုကဲ့သို့ပါတီစုံရွေးကောက်ပွဲများတွင်ပေါ်ပေါက်လာတတ်သောပြဿနာများ အငြင်းပွာမှုများကို တရားမျှတစွာဖြေရှင်းခဲ့ဖူးသော အတွေ့အကြုံများလည်းမရှိသေးသည့်နိုင်ငံများတွင် ယခုကဲ့သို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအား တိမ်းညွတ်စိတ်ပါဝင်စားမှု (commitment) ရှိနေသော နအဖ စစ်အစိုးရလက်ထက်၌ လွတ်လပ်၍တရားမျှတသေုာရွေးကောက်ပွဲတရပ် (Free and Fair election ) မည်သို့မျှဖြစ်မလာနိုင်ပေ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုသည်မှာလည်း ယခုမှပါတီဖြစ်လာပြီး ယခင်ကတည်းက အသင်းအသွင်ဖြင့် အဖွဲ့အစည်းတရပ်၏ စည်းရုံးတည်ဆောက်မှုလုပ်ငန်းများကို တခြားပါတီများထက်အချိန်ကာလအားဖြင့်စောစွာစတင်ထားနှင့်ခဲ့ပြီးသားဖြစ်သည်။ ထို့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဟုဆိုသဖြင့် အမျိုးသားနိုင်ငံရေးယောင်ယောင်ဖြင့် အဖွဲ့အစည်းတရပ်တည်ဆောက်ရန်အတွက်လိုအပ်သော အရင်းအမြစ်များကို ပြည်သူ့ပိုင်ငွေများအရင်းအမြစ်များဖြင့်စတင်ထားနှင့်ခဲ့ပြီးဖြစ်သည်။ ယင်းအချက် ၂ ချက်ကပင် တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း ပြသထားနှင့်ခဲ့ပြီးသားဖြစ်သည်။ ယခုလည်း စည်းရုံးမှုလုပ်ငန်းများကို တခြားပါတီများထက်စောစီးစွာစတင်နေပြန်ပါသည်။ ရွေးကောက်ပွဲဟူသည်မှာ ပြည်သူတို့၏ ဆန္ဒကိုထင်ဟပ်ပြသသည့် ပွဲသာဖြစ်သင့်ပြီး စစ်အစိုးရတရပ်အား အရပ်သားအစိုးရအမည်ခံပြောင်းကာ သိဒ္ဒိတင်သောပွဲမဖြစ်သင့်ပေ။ မည်သို့ဖြစ်စေ စစ်အစိုးရပြုလုပ်သောရွေးကောက်ပွဲအား တရားမျှတသောရွေးကောက်ပွဲမဟုတ်ကြောင်းထောက်ပြနိုင်ရန်ကျနော်တို့ကြိးပမ်းနေသင့်ပေသည်။ ယင်းမှာ ကျနော်တို့သည် မကောင်းမြင်သမားများမဟုတ်ပဲ မဟုတ်တာမမှန်တာကို မမှန်ကြောင်းမဟုတ်ကြောင်းပြောသော အမှန်တရားချစ်မြတ်နိုးသူများ ဒီမိုကရေစီချစ်မြတ်နိုးသူများ လူ့အခွင့်အရေးချစ်မြတ်နိုးသူများဖြစ်၍ဖြစ်ပေသည်။ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment