Tuesday, May 4, 2010

နော်ဝေတို့အကောင်းမြင်သလို

ဘ၀မှာနေတတ်ဖို့အတော်လိုသည်ဟု ကျနော်ထင်ပါသည်။ ဘ၀မှာဖြစ်လာတာတွေကို အကောင်းဘက်က ကြည့်ရင်လဲရသလို အဆိုးဘက်ကကြည့်ရင်လည်းရသည်။ အပေါင်းအမြင်နှင့်ကြည့်၍ရသလို အနှုတ်အမြင်နှင့်ကြည့်၍လည်းရသည်။ ကျနော်ရောက်နေသော နော်ဝေ နိုင်ငံက လူများသည် အမြဲတန်းအကောင်းကိုချည်းပြောနေသည်။ သူတို့မှာ ကောင်းတာကို ပြောဖို့ စကားလုံးတွေအများကြီးးရှိသည်။ Du er kjempe flink. ( ဒူ အာ ရှဲမ်ပါး ဖလင်း )မင်းအကြီးအကျယ်တော်သည်။ kjempe bra (ရှဲမ်ပါး ဘရာ) အကြီးအကျယ်ကောင်းသည်။ flott ကောင်းသည်။ veldig bra ( ဗဲလီးဘရာ) (အရမ်းကောင်းသည်။) နော်ဝေလူမျိုးများသည် သူတပါးကိုချီးကျူးသည့်နေရာတွင် ရက်ရက်ရောရော အားပါးတရချီးကျူးသည်ကိုတွေ့ရသည်။ ပြီးတော့ တခုခုကမ်းသည့်အခါတိုင်းတွင် vær så god (ဗာ့ရှ်ဂု) (ဒီမှာခင်ဗျားအတွက်ပါ) ဆိုသည့် စကားလေးတခွန်းခံပြီး ကမ်းလှမ်းတတ်တာ ကျနော်အရမ်းသဘောကျသည်။ နော်ဝေလူမျိုးများသည် လူတွေနှင့်သိတ်ရောရောနှောနှောမလုပ်။ သို့သော် မသိ၍မေးလျှင် ကောင်းကောင်းမွန်မွန်အဖြေပေးတတ်သည်။ ထိုကြောင့် ဆက်ဆံရေးအေးစက်သောလူမျိုးများဖြစ်သည်ဟု တခါတရံထင်စရာရှိပေသည်။ သို့သော် သူတို့ကျနော်တို့နှင့်တွေ့လျှင်ကောင်းတာတွေကိုပဲပြောလေ့ရှိသည်။ အမြဲတန်း positiv အကောင်းဘက်က ကြည့်ရန်ကြိုးစားတတ်ကြသည်ကို သတိပြုမိသည်။ ကျနော်တို့ကိုလည်း positiv သဘောထား ထားရန်အကြံပေးလေ့ရှိသည်။ positiv မှာ e မပါတာ မှားတယ်လို့အထင်မစောပါနဲ့။ ဒါနော်ဝေလိုပါ။ ထိုကြောင့်ကျနော်လည်း လောကကြီးကို ပို၍အကောင်းကြည့်နိုင်ရန်ကြိုးပမ်းလာပါသည်။ ဖြစ်သမျှအကြောင်းအကောင်းချည်းပဲတို့။ ဘုရားသခင်ကဒီအတိုင်းပဲဖန်ဆင်းထားတယ်လို့ပဲ ယုံကြည်ရမှာပဲ ဆိုတာတွေဟာ လောကကြီးမှာ ကိုယ်လုပ်ချင်တာတွေ ကိုယ်မျှော်မှန်းခဲ့တာတွေ မဖြစ်လာခဲ့ရင် ဖြေသိမ့်ရမဲ့ အတွေးတွေပဲလို့ ထင်မိပါတယ်။ ဒါတွေဟာလည်း တခါတလေမှာ တွေးဖို့လိုအပ်နေပါလားလို့ ကိုယ့်ဘ၀ကိုယ်ပြန်ကြည့်တဲ့အခါမှာ တွေ့လာရတယ်။ ကျနော်ဖြစ်ချင်ခဲ့တာတွေ လုပ်ချင်ခဲ့တာတွေ ကျနော်ရည်မှန်းခဲ့တာတွေဟာ တ၀က်လောက် မဖြစ်ခဲ့ဘူးလို့ ကိုယ့်ကိုယ်ကို ထင်မိပါတယ်။ ကျနော်ရည်မှန်းခဲ့တာတွေရှိခဲ့ပါတယ်။ တော်လှန်ရေး နိုင်ငံရေးမှာ စွမ်းစွမ်းတမံထမ်းဆောင်နိုင်တဲ့ သူတယောက်။ အသက် ၅၀ အရွယ်လောက်မှာ ဘာသာရပ်တခုခုနဲ့ ဒေါက်တာဘွဲ့တခုရထားခဲ့ချင်တယ်။ ဒါတွေမှ မအောင်မြင်ရင်လည်း ငွေရေးကြေးရေးအရ တစုံတရာအောင်မြင်ထားရမယ်။ ဒီ ၃ ခုစလုံး ကျနော်တခုမှ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်မလာခဲ့ဘူး။ ကျနော်အခု အသက် ၄၄ နှစ်အရွယ်မှာ နော်ဝေအစိုးရရဲ့ မိတ်ဆက်အစီအစဉ်အောက်မှာ နော်ဝေစာသင်နေရတယ်။ စကားသင်နေရတယ်။ နော်ဝေနိုင်ငံက အသိအမှတ်ပြုလောက်တဲ့ ဘာဘွဲ့လက်မှတ် တခုခုမှမရှိဘူး။ စာ စကား သင်ပြိးရင်လည်း အလုပ်တခု ရဖို့ ရုန်းကန်တိုက်ပွဲဝင်ရဦးမယ်။ တချိန်တည်းမှ diabete 2 ကလည်းဖြစ်နေတယ်။ ဒါပေမဲ့ ဒါတွေဟာ ဖြစ်သမျှအကြောင်းအကောင်းချည်းပဲလို့ သဗ္ဗေသတ္တာကမ္မသကာ လို့ ဘုရားသခင်အလိုတော်အရလို့ ABSDF မှ ဆရာဦးရီထွန်းအကြံပေးသလို ယောနိသောမနသိကာရ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းလိုက်ပါဦးမယ်။ နော်ဝေတွေလို positiv ဘက်က ကြည့်လိုက်ပါဦးမယ်။ ဒီရောဂါဖြစ်တာကို နော်ဝေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကောင်းကောင်းအောက်မှာ သူတို့ပေးထားတဲ့ ပိုက်ဆံတွေနဲ့ အလကားနီးနီးကုခွင့်ရတယ်လို့။ အဲလိုမှမစဉ်းစားရင် ကျနော်တို့ နော်ဝေမှာ နေရတဲ့ဘ၀တွေက တခါတလေ အရမ်း အထီးကျန်ဖြစ်သွားတယ်။ ဘာဘွဲ့လက်မှတ်မှမရှိတာကိုလည်း BLSO က ကျနော်တို့ RIT ကျောင်းသားကြီးကိုသံဒုတ်ပြောသလိုပဲ ကျနော်တို့က ဘွဲ့မရဘူးဆိုတဲ့ဘွဲ့ ကိုယူကြတာပေါ့ဗျာလို့။ ကျနော်တော်လှန်ရေးလုပ်ခဲ့လို့ အဲဒီ ဘွဲ့မရဘွဲ့ ကို ရခဲ့တာ။ ဂုဏ်ယူတတ်ရမှာပဲ။ ကျနော်ဟာ တစုံတရာ အတိုင်းအတာအထိတော့ kjempe flott ဖြစ်ပါတယ်လို့။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment