ဥပဒေဒဿန
ဥပဒေဆိုတာလူတွေဘာတွေလိုက်နာရမယ် လို့ပြောတဲ့ စက်ယန္တရားမောင်းနှင်ရေး လုပ်ထုံးလုပ်နည်းတခုမျှသာမဖြစ်သင့်ပေ။ ၄င်းဥပဒေများသည် အပြန်အလှန်နားလည်မှု ခွင့်လွှတ်မှု တို့နှင့် သန္ဓေတည်မွေးဖွားလာပြီး ပြည်သူတို့၏အခွင့်အရေးခံစားပိုင်ခွင့်နှင့် ယှဉ်၍ဖြစ်ပေါ်သော တာဝန်သိတတ်မှု တာဝန်ယူမှုတို့ကို ပြည်သူတို့အားနားလည်သိရှိစေပြီး တာဝန်ယူခံစားတတ်ကြစေပါက အဆိုပါဥပဒေများသည် ရေရှည်တည်တံ့မည်ဖြစ်ပေသည်။ ထို့အပြင် ထိုဥပဒေများသည် အနာဂါတ်ကာလတွင် ကြုံတွေ့ရတတ်သည့် ကျနော်တို့ကြိုတင်ခန့်မှန်းမျှော်မှန်းနိုင်သည့် ပြဿနာများကိုလည်း ပြည်သူတရပ်လုံးအနေဖြင့် ရင်ဆိုင်ကျော်လွှားနိုင်သည့် အခြေခံများကိုလမ်းခင်းပေးမည်သာမက ကြိုတင်မတွက်ချက်မမျှော်မှန်းထားသည့်ပြဿနာများ ရုတ်တရက်ပေါ်ပေါက်လာပါကလည်း ပြည်သူတရပ်လုံးအနေဖြင့် စည်းလုံးညီညွတ်မှုရှိရှိ သွေးထွက်သံယိုမှုနည်းပါးစွာဖြင့် ကျော်လွှားလွန်မြောက်နိုင်လိမ့်မည်ဖြစ်သည်ဟု ယုံကြည်မိပေသည်။ ထိုသို့မဟုတ်ဘဲ ဥပဒေများသည် အာဃာတနှင့်အမုန်းတရား၊ အတ္တဆန်မှုများနှင့် သန္ဓေတည်မွေးဖွားလာပါက ထိုဥပဒေများသည် လူ့အဖွဲ့အစည်း၏သဘောသဘာဝအရ အနာဂါတ်ကာလတွင် ကျနော်တို့မျှော်မှန်းနိုင်သော၊ သို့တည်းမဟုတ်မမျှော်မှန်းနိုင်သော ပြဿနာများကို ကျော်လွှားလွန်မြောက်နိုင်ရန်ဆိုသည်မှာ အတော်ပင် ဖြစ်နိုင်ခဲပေလိမ့်မည်။ ထိုဥပဒေများသည် လူ့အဖွဲ့အစည်း၏ ထိုမုန်တိုင်းထန်သောအချိုးအကွေ့များကတောင်းဆိုသော ပြည်သူတရပ်လုံး၏စည်းလုံးညီညွတ်မှုဆိုသည်ကို ဖြစ်ပေါ်စေလိမ့်မည်မဟုတ်ဘဲ ပြည်သူများအား မကြာခဏဒုက္ခရောက်စေသော ကံဆိုးမိုးမှောင်ကျပါက ပြည်သူတို့အားသွေးထွက်သံယိုဖြစ်မှုကိုပင် ဖြစ်စေနိုင်သော အခြေခံများကိုသာ ထိုဥပဒေများက လမ်းခင်းထားမည်ဖြစ်ပေသည်။ ထိုကြောင့် ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ကောင်းမွန်သောသမိုင်းနှင့် နှစ်လိုဘွယ်လူ့ခံစားမှုအရည်အသွေးများနှင့်သာ မွေးဖွားပေါ်ပေါက်သင့်ပေသည်။ ထိုဥပဒေများသည် စက်ယန္တရားဆန်သော လုပ်ထုံးလုပ်နည်းများထက် များစွာအနှစ်သာရအဓိပ္ပါယ်ရှိပေသည်။
ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment