Saturday, May 8, 2010

မြောက်အိုင်ယာလန်သမိုင်းတစေ့တစောင်း

ကျနော်စာတွေရေးနေတာ ခေါင်းစဉ်တွေက ဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေပါတယ်။ ဒါပေမဲ့ စာလာဖတ်သွားတဲ့သူတွေအတွက် တစုံတရာအကျိုးရှိမယ်လို့တော့ထင်မိပါတယ်၊ ဒီနေ့တော့ ကျနော်ထိုင်းမှာနေခဲ့ကတည်းက တခါတလေစိတ်ဝင်စားမိတဲ့ ဥရောပက မြောက်အိုင်ယာလန် အကြောင်းကို ရေးတင်ဖို့စိတ်ကူးရမိပါတယ်။ အဲဒီအကြောင်းကျနော်လေ့လာနေရတဲ့စာအုပ်မှာပါလာတဲ့အတွက်လည်းပါတာပေါ့။
ဥရောပမှာအထူးသဖြင့် အနောက်ဘက်က ဥရောပမှာ နိုင်ငံရေးပြဿနာကို လက်နက်နဲ့ပါမကြာခဏဖြေရှင်းနေတတ်တဲ့ပြဿနာမို့လို့ဒီကိစ္စကိုကျနော်စိတ်ဝင်စားမိတာပါ။ ကျနော်တို့ထိုင်း မြန်မာနယ်စပ်မှာနေခဲ့ကတည်းကလည်း အိုင်အာအေ နဲ့ ရှင်ဖိန်း လိုမျိုး စစ်ရေး နိုင်ငံရေးဝင်းဂ် ခွဲလုပ်ကြတာပေါ့ဆိုတာမျိုးပြောကြတာမဟုတ်လား။ ဒါကြောင့် ဒီကိစ္စကို လေ့လာရေးသားတင်ပြမိတာပါ။ သိတ်အများကြီးတော့မဟုတ်ပါ။
အိုင်ယာလန် (Ireland) ကတော့ အင်္ဂလိပ်ဘုရင့်နိုင်ငံတော် United Kingdom (UK) ကနေ ၁၉၂၀ ခုနှစ်လွန်နှစ်များမှာ ခွဲထွက်ခဲ့ပါတယ်။ အဲဒီလိုခွဲထွက်တဲ့အချိန်မှာ မြောက်အိုင်ယာလန် Nothern Ireland ဟာ UK ရဲ့အစိတ်အပိုင်းအဖြစ်ဆက်ရှိနေခဲ့ပါတယ်။ ၁၉၆၀ ခုလွန်နှစ်များမှစ၍ မြောက်အိုင်ယာလန်မှ ကက်သလစ်ဘာသာဝင်များ Catholics နှင့် ပရိုတက်စတင့်ဘာသာဝင်များ Protestants အကြား ရှည်လျား၍သွေးစွန်းသော ပဋိပက္ခဖြစ်ပွားလာခဲ့ပါတယ်။ ပရိုတက်စတင့်များက UK ရဲ့အစိတ်အပိုင်းအဖြစ်ဆက်နေလိုပြီး ကက်သလစ်များက မြောက်အိုင်ယာလန်ကို အိုင်ယာလန်ရဲ့အစိတ်အပိုင်းအဖြစ်ဖြစ်လာစေချင်တာပါ။ ဒီပဋိပက္ခကြောင့် လူ ၃၅၀၀ ကျော်လောက်အသက်ဆုံးရှူံးခဲ့ရပြီးဖြစ်ပါတယ်။ မြောက်အိုင်ယာလန်က ပြည်သူများဟာ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ကြတာပါ။ ဒါပေမဲ့ ဘက်နှစ်ဘက်စလုံးမှ အစွန်းရောက်သူများက (Extremist) လက်နက်စွန့်ဖို့ငြင်းဆန်ကြပါတယ်။ အိုင်ယာလန်တခုလုံးရဲ့သမိုင်းကြောင်းကို နဲနဲထပ်ဖြည့်ရေးရင်ပြည့်စုံမှာမို့ နဲနဲထပ်ဖြည့်လိုက်ပါတယ်။ ပထမဆုံးသော ဆဲစ် Celts ဆိုသည့်လူမျိုးများသည် အိုင်ယာလန် Ireland သို့ ဘီစီ ၇ ရာစု နှင့် ၈ ရာစု များတွင်ရောက်ရှိလာခဲ့ကြသည်ဟုဆိုသည်။ နော်ဝေမှ ဗိုက်ကင်း Vikings များက အေဒီ ၁၀ ရာစုတွင် အိုင်ယာလန်၏ ပထမဆုံးသော မြို့များကို တည်ထောင်ခဲ့သည်ဟုဆိုသည်။ ၁၁၇၀ တွင် အိုင်ယာလန်သည် အင်္ဂလိပ်၏ ပထမဆုံးသော ကိုလိုနီဖြစ်လာခဲ့ပြီး ၁၈၀၁ ခုနှစ်တွင် အိုင်ယာလန်သည် UK ၏ အစိတ်အပိုင်းဖြစ်လာခဲ့ပေသည်။

No comments:

Post a Comment