Saturday, September 17, 2011

ဒ၀ယ်စဂါး (၄)

ဒီတပတ်ဒ၀ယ်စဂါး (၄)မှာတော့ ရေတစက် တစက် ဆိုတာကို ဒ၀ယ်လိုဘယ်လိုပြောသလဲ ဆိုတာနဲ့စပါရစေ။ ဒ၀ယ်တွေက ရေတဒွမ့် တဒွမ့် လို့ပြောလေ့ရှိတယ် ဥပမာ (ကန်တော့ကန်တော့) သေးတဒွမ့် တဒွမ့် ဆိုတာမျိုးပြောတယ် ရေကို အစက်နဲ့ ရေတွက်တဲ့ ယူနစ်ပမာဏပေါ့။
နောက်တခါ ရေပုံးဆိုရင် ဒ၀ယ်တွေက အန်းပုံး ဆိုပီးပြောတယ်။ ကျနော်မှတ်မိသေးတယ် ကျနော်တို့ အာရ်အိုင်တီမှာ ကျောင်းသွားတက်တော့ ဒ၀ယ်ကကျောင်းလာတက်တဲ့ ကျနော်တို့သူငယ်ချင်းထဲက ကျောင်းသားတဦးက တခြားနယ်ကလာတဲ့ သူ့သူငယ်ချင်းကို ငါ အင်းပုံး သွားယူလိုက်ဦးမယ်ပြောတော့ သူ့သူငယ်ချင်းက နားမလည်ဘူး ဘာ အင်းပုံး လဲ လို့မေးတယ် ဒ၀ယ်သား ကျနော်တို့ သူုငယ်ချင်းကလေ ဟိုဟာလေ အင်းပုံးပေါ့ ငါတို့ဒ၀ယ်လိုတော့ အန်းပုံး ခေါ်တယ် အေးနားမလည်လဲ ခနစောင့်ပြောပြီး သူက ရေပုံးသွားယူလာပြီးထွက်လာတော့ အော် ရေပုံးကို ပြောတာလား ဆိုပီး တခြားနယ်သားလဲ နားလည်သွားပီး ကျနော့သူငယ်ချင်းဒ၀ယ်သားလဲ အန်းပုံးကို ရေပုံးလို့ပဲခေါ်တာ အပြန်အလှန်နားလည်သွားကြတယ်။
နောက်တခုက ကျနော်တို့က လုံချည်ဆိုရင် တလုံးလို့ ရေတွက်လေ့ရှိတယ် ဗမာ လိုက တထည်။ အဲဒီနေရာမှာ ရခိုင်တွေလဲ လုံချည်ကို တလုံးလို့ပဲ ရေတွက်တာကြားဖူးတယ်။
နောက် စီးကရက်ဆိုရင် ဒ၀ယ်သားတွေက စီးကရစ်တအောင့်(တအုပ်) ဆိုပီးရေတွက်တယ် ဗမာတွေက တဗူး။ ဒ၀ယ်သားတွေရဲ့ ရေတွက်ပုံ ယူနစ်တွေကို ခေါ်ဝေါ်မှုတွေဟာ ဗမာတွေနဲ့ မတူဘဲ ကွဲပြားခြားနားနေတာသတိပြုမိတယ်။
ထီးဆိုရင်လဲ တစင်း ဆိုပီး ပြောလေ့ရှိကာ ဗမာတွေက ထီးတလက် လို့ရေတွက်ခေါ်ဝေါ်လေ့ရှိပါတယ်။ ကျနော်ကျောင်းတက်တုန်းက ကျနော့အခန်းဖေါ် ဇီးကုန်းက ကိုကျော်ကျော်က မင်းကထူးထူးဆန်းဆန်း ထီးကို ဘာဖြစ်လို့ ထီးတစင်းလို့ ရေတွက်ရတာလဲမေးပါတယ်။ ဒ၀ယ်မှာ အဲဒီလိုပဲ ခေါ်တယ်လို့ ကျနော်ပြန်ပြောပါတယ်။
နောက်ထူးခြားတာတခုက ဒ၀ယ်မှာ မြင်းလှည်းကို ရထား လို့ခေါ်ပါတယ်။ ဒါကတော့ ဟိုးရှေးရှေးတုန်းက ဗမာတွေရဲ့ ခေါ်ဝေါ်ပုံ မြင်းရထား ရထားလုံး စတာတွေနဲ့ ဆင်ပါတယ်။ ဒါပေမဲ့ ဒီနေ့ကာလမှာတော့ ဗမာတွေက မြင်းလှည်း ကို မြင်းလှည်းလို့ပဲခေါ်ပြီး ဒ၀ယ်တွေကတော့ ရထားလို့ ခေါ်နေပါသေးတယ်။
နောက် ဆိတ် ကို ဒ၀ယ်လို ဘဲ့ ဆိုပီး ခေါ်ပါတယ်။ ဒါက ဒ၀ယ်တွေက ဆိတ်အော်တဲ့ အသံ ဘဲ့ အဲ့ အဲ့ အဲ့ ဆိုတဲ့အသံကို အစွဲပြုကာ ဆိတ်ကို ဘဲ့ လို့ခေါ်တာဖြစ်နိုင်ပါတယ်။
ပန်းကန် ကိုတော့ စံ ဒါမှမဟုတ် ဇံ လို့ခေါ်ပါတယ်။
နောက် ပြောပုံတမျိုး ထူးခြားတာရှိတာက ဒ၀ယ်သားတွေက အသိမိတ်ဆွေတွေ အိမ်လာလည်ရင် ဟေး မှန်းငတ်ရင်မှန်းစား လို့ အရိုးတိုင်းဖိတ်ခေါ်တတ်ပါတယ်။ မသိတဲ့လူတွေက ငါကပဲ မှန်းငတ်လို့ စားစရာမရှိလို့ လာလည်တာများ မှတ်နေလားမသိဘူး တွေးသွားနိုင်ပါတယ် မှန်းဆာရင် မှန်းစားလို့ မပြောဘဲ မှန်းငတ်ရင်မှန်းစားလို့ ပြောပုံက ရိုင်းတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ ပြောနေကျဖြစ်နေပါတယ်။ ဘယ်သူကိုမှ စော်ကားတာတော့မဟုတ်ပါ။ ဒါပေမဲ့ အဲဒီလို ဒ၀ယ်သားတွေရဲ့ ပြောပုံတွေက တခြားတိုင်းရင်းသားတွေ အထူးသဖြင့် ဒ၀ယ်အမြင်မှာတော့ ဗမာစကားကို ရေရေလည်လည် ပြောတတ်တဲ့ဗမာတွေက အဲဒီလိုမျိုး ဒ၀ယ်သားတွေပြောဆိုတာတွေကို အများအားဖြင့် ပြန်လည်စနောက်တာတွေက နဲနဲနှိမ်သလိုစနောက်တာမျိုးလို့ ဒ၀ယ်သားတွေခံစားရပါတယ်။ ဒါပေမဲ့ ဒ၀ယ်သားတွေ ဒီလိုပြောဆိုပုံတွေကို တခြားတိုင်းရင်းသားတွေအထင်သေးမှာ စိုးလို့ စွန့်ပစ်လိုက်မှာ မျိုးကျနော်မဖြစ်စေချင်ပါ။ အဲဒါတွေက ရိုးသားဖေါ်ရွေမှုတမျိုးပါပဲ။

ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment