Saturday, September 10, 2011

ဒ၀ယ်စကား (၃)

ဒီတပတ် ဒ၀ယ်စကား (၃)မှာတော့ ဒ၀ယ်လိုကနေ ဗမာလိုကို ပြန်ရခက်တဲ့ စကားရပ်လေးတခုအကြောင်းတင်ပြချင်ပါတယ်။ အဲဒီစကားကတော့ အပ်ဇားလိုဟယ် ဆိုတဲ့ စကားရပ်တခုပဲဖြစ်ပါတယ်။ ဗမာလိုကနေ အင်္ဂလိပ်လိုကို တိုက်ရိုက်ပြန်ဆိုရခက်တဲ့ အားနားတယ် ဆိုတဲ့ စကားရပ်လေးလိုပဲ အဲဒီ အပ်ဇားလိုဟယ် ဆိုတဲ့ ဒ၀ယ်စကားရပ်ဟာ ဒ၀ယ်စကားထဲမှာပဲရှိပြီး ဗမာစကားထဲမှာ တိုက်ရိုက်မရှိတဲ့ စကားရပ်ဖြစ်ပါတယ်။ အဲဒီ အပ်ဇားလိုတယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကတော့ ကလေးတွေကို ရည်ညွှန်းပြီး ပြောတဲ့ စကားပဲဖြစ်ပါတယ်။ ကလေးတွေက ပြောင်ပျက်ပျက်ပြောင်ချော်ချော်လုပ်နေတဲ့ အခါမျိုးတွေမှာ ဟေ့သားဂန်းဟား အပ်ဇားမလိုနဲ့လို့ လူကြီးတွေက ပြောလေ့ရှိပါတယ်။ သားဂန်းဟား ဆိုတဲ့စကားဟာလည်း ဗမာလိုအားဖြင့် ကလေးငယ်လေးဟု၎င်း သားထွေးဟူ၍လည်း ၄င်း အဓိပ္ပါယ်ရနိုင်ပေမဲ့ ဒ၀ယ်စကားကတော့ လူငယ်တယောက်ကို တိုက်ရိုက်ခေါ်တဲ့ နေရာမှာ သားဂန်းဟား ဟု ချစ်စနိုးခေါ်ကာ အရွယ်တော်တော်ကြီးတဲ့အထိ သားဂန်း လိုအခေါ်ခံရတဲ့ လူငယ်တော်တော်များများရှိပါတယ်။
နောက်နာမ်ပုဒ်တခုကို တင်ပြရမယ်ဆိုလျှင်တော့ ရုပ်ရှင်ကိုခေါ်တဲ့ နာမ်ပုဒ်တခုပါ။ ဒ၀ယ်လိုရုပ်ရှင်ကို ရိကပွဲ လို့ခေါ်ပါတယ်။ ဗမာလိုတိုက်ရိုက်ပြန်ဆိုရမယ်ဆိုရင်တော့ အရိပ်တွေကတဲ့ပွဲ လို့တိုက်ရိုက်အဓိပ္ပါယ်ရပါတယ်။ ဗမာလိုက အရင်က ရုပ်သေပြတဲ့ပွဲ ရှိခဲ့ပုံရတဲ့အပေါ် ၄င်းနဲ့နှိုင်းယှဉ်ပြီး ရုပ်ရှင် လို့ပြန်ဆိုခဲ့ပုံရပါတယ်။ ဒ၀ယ်လိုကျတော့ အရင်က လူတွေကတဲ့ ပွဲကိုကြည့်ရာကနေပြီး ရုပ်ရှင်ပေါ်တဲ့အခါမှာတော့ လူတွေရဲ့အရိပ်တွေကတဲ့ပွဲ လို့ အရင်ဖြစ်စဉ်ဖြစ်ရပ်များနဲ့ နှိုင်းယှဉ်ကာ အဲဒီ ရုပ်ရှင်ကို ရိကပွဲ လို့ခေါ်တဲ့ ဒ၀ယ်စကားပေါ်ပေါက်ခဲ့ပုံရပါတယ်။
နောက်တလုံးကတော့ ကြိယာဝိသေသနလို့ခေါ်မယ်ဆိုရင်ရပါတယ်။ က္လိုးထိုးက္လန်းထန်း (ကလိုးထိုးကလန်းထန်း) ဆိုတဲ့ စကားလုံးပါ။ အဲဒီဒ၀ယ်စကားရဲ့ အဓိပ္ပါယ်က တခြားသောအမူအရာများ တခြားသူများနှင့် အဆင်ပြေကိုက်ညီစွာ လုပ်ဆောင်တာမျိုးမဟုတ်ဘဲ တခြားသူများနှင့် သော်၎င်း သူတယောက်ထဲအားဖြင့်လည်းအရင်လုပ်တာနဲ့အခုလုပ်တာ တခြားစီး ဟန်ချက်မညီ ကြောင်တောင်တောင်လုပ်ဆောင်တာမျိုးလို့ နားလည်နိုင်ပါတယ်။ သလူဟာ က္လိုးထိုးက္လန်းထန်း (ကလိုးထိုးကလန်းထန်း)ဟီးပဲ သူနဲ့ အပေါက်အလမ်းတည့်ဟာ အဆင်ပြေပြေ ပြောဆိုဆက်ဆံ အလုပ်လုပ်ရတာခက်တယ်လို့နားလည်နိုင်ပါတယ် ခံဗျား။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment