Wednesday, August 31, 2011

ဒ၀ယ်စကား (၁)

ကျနော်ဟာ ဒ၀ယ်သားတယောက်ဖြစ်ပါတယ်။ ဒ၀ယ်ဆိုတာ လူမျိုးလား ဗမာ ပဲလား ဆိုတဲ့ မေးခွန်းကိုလည်း ကျနော်အမေးခံရဖူးပါတယ် တခြား ဒ၀ယ်သားတွေလည်း အမေးခံရဖူးကောင်းအမေးခံရဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ ဒ၀ယ်ဆိုတာ လူမျိုးလား ဗမာပဲလား ဆိုတာကို ခွဲခြားဖြေဖို့စဉ်းစားမဲ့အစား ကျနော် သိတဲ့ ဒ၀ယ်စကားတွေကို တတ်နိုင်သလောက်စာနဲ့ ရေးသားမှတ်တမ်းတင်ချင်လို့ ကျနော် ဒီဆောင်းပါးကို ရေးဖြစ်တယ်လို့ ဆိုချင်ပါတယ်။ အများအားဖြင့် ဒ၀ယ်သားတွေ ပြောတဲ့ စကားထဲမှာ ဗမာစစ်စစ်တွေပြောတဲ့စကားနဲ့ အတော်ကို ကွဲပြားခြားနားတဲ့ အရာတွေထဲမှာ သစ်သီးသစ်ရွက်တွေဟာ တော်တော်ထင်ရှားပါတယ်။ သစ်သီးသစ်ရွက်တွေကို ဒ၀ယ်သားတွေဘယ်လိုပြောသလဲဆိုတာကြည့်ကြည့်ပါ။
(၁) ဒ၀ယ်စကားက ရှီးဂိုသီး ဗမာစကား သင်္ဘောသီး
(၂) ဒ၀ယ်စကား ရှစ်ကလစ်သီး ဗမာစကား သီဟိုသီး
(၃) ဒ၀ယ်စကား မှောသီး ဗမာစကား မာလကာသီး
(၄) ဒ၀ယ်စကား ယော့ခမယဉ်ကျော့ ဗမာစကား မြင်းခွာရွက်
(၅) ဒ၀ယ်စကား တန်းဥ ဗမာစကား ပလောပီနံဥ
(၆) ဒ၀ယ်စကား မ္လော့ ဥ ဗမာစကား ကဇွန်းဥ
(၇) ဒ၀ယ်စကား မုဆီဝပ် ဗမာစကား မယ်ဇလီရွက်
(၈) ဒ၀ယ်စကား စီခွာသီး ဗမာစကား ဖရဲသီး
(၉) ဒ၀ယ်စကား လန်ကောင်ဝပ် ဗမာစကား တညင်ရွက်
(၁၀) ဒ၀ယ်စကား ဂျုမတ်တပ်သီး ဗမာစကား မိုးမျှော်သီး

စတာတွေဖြစ်ပါတယ်။ နောက်ထပ်ရှိနိုင်ပါသေးတယ်။ ကျနော်မှတ်မိလာရင် တခြားဒ၀ယ်သားတွေနဲ့စကားပြောရင်း ထပ်တွေ့လာရင် ထပ်မံရေးသားတင်ပြပါ့မယ်။

နောက်ထပ်အရေးကြီးတဲ့စားစရာတခုဖြစ်တဲ့ ဗမာအစားအစာ မုန့်ဟင်းခါး ဆိုတာကို ဒ၀ယ်လိုခေါ်တာ တော်တော်ကွဲကွဲပြားပြားကိုခေါ်ခဲ့တာလို့ပြောလို့ရနိုင်ပါတယ်။ ဘယ်လိုခေါ်ပါသလဲ။ မုကလောဆီ လို့ခေါ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ဒ၀ယ်သားတွေ သိတ်မခေါ်တော့ဘူးလို့ကျနော်ထင်ပါတယ်။ ဒ၀ယ်မုန့်ဟင်းခါးချက်ပုံနဲ့ ဗမာတွေမုန့်ဟင်းချက်ပုံ မတူပါဘူး။ ဗမာတွေက ဟင်းရည်ကို တမျိုးတည်းပဲချက်တယ်။ ဒ၀ယ်သားတွေက ဟင်းရည် ၂ အိုးချက်ပါတယ်။ လတ်သောက်ရေအိုး ဆိုတာ နဲ့ ပျောပင် (ငှက်ပျောပင်) အောက်ကအနှစ်တုံး ကြီးကို အရည်ခပ်နဲနဲနဲ့ အနှစ်များများကဲကာ ချက်ထားတဲ့ မုန့်ကလောဆီ အိုး ဆိုတာ ၂ မျိုးချက်ပါတယ်။ ဗမာမုန့်ဟင်းခါးက ငှက်ပျောပင် ပင်စည်ကိုသာ သုံးပီး ဒ၀ယ်မုန့်ဟင်းခါးက ငှက်ပျောပင် ပင်စည်တုံးကြီးရဲ့ အောက်က အနှစ်တုံးအသားတုံးကြီးကို ပါးပါးလှီးပြီးလဲ ပင်စည်အသားတွေနဲ့ ရောကာချက်ပါတယ်။ ဒ၀ယ်မုန့်ဟင်းခါးက ကျနော်တို့ပါးစပ်မှာ စားရတာပိုလေးပါတယ်။ မစားရတာ နှစ်ပေါင်းအတော်ကြာပါပီဗျာ။ နောက်ထပ်လည်း ဒ၀ယ်စကားတွေကို အလျဉ်းသင့်သလို တင်ပြသွားပါ့မယ်။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ

No comments:

Post a Comment