ကိုခင်ဝမ်းကတော့ ရွှေရောင်ကောလိပ်နေ့ရက်များ ဆိုပြီး တက္ကသိုလ်နေ့ရက်များကို တင်စားသွားခဲ့ပါတယ်။ ဒါလေးကိုအမှတ်တရလည်းဖြစ် ကိုယ့်ရဲ့တက္ကသိုလ်နေ့ရက်များကို လည်း လွမ်းလို့ဒီစာလေးရေးဖြစ်တာပါ။ ဘာပဲဖြစ်ဖြစ်လူ့ဘ၀မှာ တက္ကသိုလ်ကျောင်းသားဘ၀ဆိုတာ ပျော်စရာအကောင်းဆုံးမက်မောစရာအကောင်းဆုံးဘ၀မဟုတ်ပါလား။ ပြန်မရနိုင် တော့တဲ့ဒီဘ၀ကို တခါတလေလွမ်းဆွတ်မိတာ ပြန်တမ်းတမိတာ အဲဒီဘ၀လေးကို ပြန်ငေး မောကြည့်ချင်မိတာ တခါတလေမှာ ကျနော်တို့တက္ကသိုလ်တက်တဲ့အချိန်က ခေတ်စားတဲ့သီ ချင်းလေးတွေကြားမိတဲ့အချိန်တွေမှာ ပိုလို့သတိရနေတတ်တာ အဲဒီလိုခံစားမှုလေးနဲ့ နေရတဲ့ ခိုက်အတန့်လေးကိုလည်းပဲ ကြည်ကြည်နူးနူးလေးပြန်ခံစားနေမိတာ ကျနော်တို့ ကျောင်း တော်သားဟောင်းတွေရဲ့ နုပျိုဆေးတမျိုးပဲပေါ့။
ကျနော်တို့ဆယ်တန်းအောင်ပြီးကာစအချိန်က ကိုင်ဇာရဲ့တက္ကသိုလ်မြေနေ၀င်မှာစိုးတယ် ဆိုပီး စာမေးပွဲအောင်ရင် ကျောင်းပြီးသွားမှာစိုးလို့ စာမေးပွဲမအောင်အောင်ဖြေတဲ့လူတွေရှိတယ်ဆို တာကို ကျနော်တို့ တက္ကသိုလ်မရောက်မီကတည်းက အိမ်နီးနားချင်းတက္ကသိုလ်ကျောင်းသား ကြီးတွေပြောတာကြားဖူးပြီး အဲဒီလူတွေဟာ လွယ်အိတ်တလုံးနဲ့ ကျောင်းကောင်းကောင်းမ တက်ဘဲ ကင်းတီးထိုင်လိုက် လဘက်ရည်သောက်လိုက် ဦးချစ်လဘက်ရည်ဆိုင်မှာ ကဗျာအကြောင်း ဆွေးနွေးလိုက် အချစ်ရေးအကြောင်းဆွေးနွေးလိုက် တခါတလေ မသေမချာမရေရာတဲ့ဘ၀တွေအကြောင်းဆွေးနွေးလိုက် ဂစ်တာတီးအဆောင်တွေမှာသီချင်းဆိုတတ်တဲ့သူတွေကလည်း ညဘက်သီးချင်းသွားဆိုမဲ့အကြောင်းကိုဆွေးနွေးလိုက်နဲ့ တက္ကသိုလ်ရဲ့နေ့ရက်များကို မမောနိုင်မပန်းနိုင် ဖြတ်သန်းနေပုံတွေကို တက္ကသိုလ်မတက်ခင်ကတည်းက ကြားခဲ့ပြီး ရင်ခုန်နေတတ်မိခဲ့ပါတယ်။
ကျနော်တို့ကျောင်းတကယ်တက်တော့ ကိုယ်ရတဲ့တက္ကသိုလ်က အဲဒီတက္ကသိုလ်အရသာတွေကို ၀၀လင်လင် မခံစားနိုင်အောင် ကျောင်းစာတွေနဲ့ တကယ်ပဲပိစေခဲ့ပါတယ် ဒါပေမဲ့ ကျနော်တို့တက္ကသိုလ်မှာလည်း၇ပီတာဖြစ်လိုက် အိတ်စ်တာနယ်ဖြစ်လိုက် အဲထရဲစ်ကနေပြန်ဝင်လာပြီး ပြန်တက်လိုက်နဲ့ တက္ကသိုလ်မြေနေမ၀င်တဲ့ သူတွေရှိခဲ့ဖူးပါတယ်။
တခါတလေ ဂျပ်ဆင်ထိပ်က လရိပ်ပြာတို့ အဆောင်သူတို့ ၂/၈၈ အင်းလျား တို့ စတဲ့ကျောင်းသီချင်းလေးတွေကို အင်တာနက်ကနေ နားထောင်ဖြစ်ပြီး လွမ်းနေမိတတ်ပါတယ် တခါတလေလည်း ကိုယ်တတ်သလောက်ဂစ်တာလေးနဲ့ ခေါက်ပြီး သီချင်းလေးတွေ ပြန်ညည်းနေမိတတ်ပါတယ်။
ဒါပေမဲ့ ဒါတွေဟာ အခုတော့လေထဲက တိုက်အိမ်တွေလိုဖြစ်နေပါပကောလားလို့ လက်တွေ့ဘ၀ကပြန်သတိဝင်စေတတ်တာ လက်တွေ့ဘ၀ကိုမေ့ပစ်လိုက်ချင်ပြီး လေထဲကတိုက်အိမ်ထဲမှာပဲနေချင်နေတဲ့စိတ်တို့ ပဋိပက္ခဖြစ်တာ ။
ဒါပေမဲ့ အခု ကျနော်တက္ကသိုလ်ပြန်တက်ဖို့ပြင်ဆင်နေပါတယ် ။
ကျနော်ဘ၀ကိုအရှူံးမပေးဘဲ တိုက်ပွဲဝင်ရမဲ့လမ်းကြောင်းက တက္ကသိုလ်ပြန်တက်ခွင့် ရအောင်ကြိုးစားတဲ့ အလုပ်နဲ့ တထပ်တည်းကျလာတော့ တော်တော်လည်း အလျဉ်းသင့်သွားခဲ့တယ်လို့ပဲဆိုရမလားပဲ။
ကျနော် တက္ကသိုလ်တုန်းကတွက်ခဲ့တဲ့ ဆာ့ကစ်တွေ (လျှပ်စီးပတ်လမ်း) သင်္ချာတွေ (ကဲကုလစ်) ပြန်တွက်နေပါတယ်။ တက္ကသိုလ်ကို အလုပ်လုပ်ရင်း လက်တွေ့ပြန်ဖြတ်သန်းဖို့ ကြိုးစားနေရပါတယ်။ အသက် ၁၇ နှစ်ကျော်ကျော်တုန်းကစတက်ခဲ့ရတဲ့ ရွှေရောင်နေ့ရက် များ နဲ့ အသက် ၄၀ ကျော်မှာပြန်တက်ခွင့်ရဖို့ ကြိုးစားနေရတဲ့ တက္ကသိုလ်အိမ်မက်များက တော့တထပ်တည်းမကျနိုင်တာ နုနုနယ်နယ်မခံစားနိုင်ပဲ ထောက်ပံ့ငွေ ၆၂၀၀ ကျော်နဲ့ သားသမီး ၃ ယောက်အဖေ တက္ကသိုလ်ကျောင်းသားဘ၀ရဲ့ ပေသီးရိုက်နေရမဲ့ တက္ကသိုလ်ကျောင်းသားအိုကြီးဘ၀ကတော့ ဘယ်လောက်များကွာခြားသွားမလဲဆိုတဲ့ အရေးကို စဉ်းစားရင်း ဘ၀မှာ ရွှေရောင်တောက်ခဲ့တဲ့ ကောလိပ်နေ့ရက်များကို ပြန်တမ်းတနေမိပါတော့တယ်။
ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment