Sunday, March 21, 2010

၂၀၀၈ မဟုတ် လူမှုရေးပဋိဉာဉ်ပြုမှုတရပ်လိုအပ်

ကျနော်တို့လိုတာနေတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်၊ လူမှုရေးပဋိဉာဉ်ပြုမှုတရပ်လိုအပ်နေတာဖြစ်ပါတယ်၊ ကျနော်ဦးနုကို ပုဂ္ဂိုလ်ရေးအရထောက်ခံပြီးပြောတာမျိုးမဟုတ်ဘူး၊ နအဖ စစ်တပ်ဆိုတာ ၁၉၆၂ ခုနှစ်ကတည်းက ပြည်သူဆန္ဒကိုကျောခိုင်းခဲ့တာပါ၊ ၁၉၉၀ မှာတခါထပ်မံပြီးလူထှုဆန္ဒကို ထပ်မံချိုးဖေါက်ခဲ့ပြန်ပါတယ်။ အဲဒီလူထုဆန္ဒကို စစ်တပ်ရဲ့အားနဲ့ချိုးဖေါက်ဖျက်ဆီးခဲ့တာတွေကို ပြန်ပြီးတော့ စစ်တပ်က ပြန်လှည့်လာပြီး ရင်ကြားစေ့ရာက ရလာတဲ့ ရလာဒ်တခုဖြစ်တဲ့ လူမှုရေးပဋိဉာဉ်ပြုမှုဟာ ကျနော်တို့နိုင်ငံရေးအနာဂါတ်ကို သွားမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံအုတ်မြစ်ဖြစ်လာမှာပါ၊ အဲဒီအခြေခံအုတ်မြစ်ကို စစ်တပ်က ပြည်သူလူထုတရပ်လုံး၏ ဆန္ဒကို လေးစားမှု ပြည်သူကိုယ်စားလှယ်များကို လေးစားမှုနဲ့စလုပ်ရမှာပါ။ ပြည်သူကိုယ်စားးလှယ်များကလည်း ပကတိနိုင်ငံရေးကပြဌာန်းနေတဲ့ စစ်တပ်ရဲ့ တည်ရှိမှု အခန်းကဏ္ဍကို အဲဒီအချိန်မှာ သေသေချာချာအသိအမှတ်ပြုပေးပြီး အပြန်အလှန်နားလည်မှုရှိတဲ့ လူမှုရေးပဋိဉာဉ်ပြုမှုကို တည်ဆောက်ရမှာပါ။ အဲဒီလိုတည်ဆောက်လိုက်တဲ့အခါ အသွင်ကူးပြောင်းရေးကာလမှာ ကျနော်တို့ ဒီမိုကရေစီအင်အားစုရတာ ၇၅ မပြောနဲ့ ၅၀ ရလည်းသဘောတူနိုင်ပါတယ်။ နားလည်မှုရှိတာကိုး။ ယုံကြည်မှုရှိတာကိုး ယုံကြည်မှုဆိုတာကို အပြန်အလှန်လေးစားမှု အပြန်အလှန် အလျော့အတင်းပြုလုပ်နိုင်မှု အပြန်အလှန်ယုံကြည်မှုအပေါ်မှာတည်ဆောက်တာကိုး။ အဲဒီလိုမဟုတ်ဘဲနဲ့ ငါပြောသလိုလုပ်ဆိုတဲ့ လမ်းကြောင်း ၂၀၀၈ ကိုသဘောတူပါတီရပ်တည်၊ ရွေးကောက်ပွဲဝင်ဆိုတာက စစ်တပ်ရဲ့ သူတလူငါတမင်းလမ်းကြောင်းလူထုဆန္ဒကို ကြောခိုင်းသွားတဲ့ သမိုင်းတလျှောက်လုံးမြန်မာ့တပ်မတော်က မှားလာနေတဲ့လမ်းကြောင်းသာဖြစ်ပါတယ်၊ အဲဒီလမ်းကြောင်းကို စစ်တပ်က လျှောက်ခဲ့လို့ ဒီနေ့အထိ မြန်မာတပြည်လုံးချွတ်ခြုံကျလာနေတာ မွဲတေလာနေတာဖြစ်တယ်။ စစ်တပ်နဲ့ ရောပြီး လိုက်မမှားကြဖို့ကျနော်တို့နိုင်ငံရေးအင်အားစုတွေတောင့်ခံထားရမှာ။ ၁၉၆၂ နဲ့ ၁၉၈၈ ကြားမှာ တိုင်းပြည်ချမ်းသာရာကနေ ဆင်းရဲသွားခဲ့တာ ဘာဖြစ်လို့လဲ ဒေါ်အောင်ဆန်းစုကြည်လဲ ဒီမိုကရေစီအရေး လာမလုပ်သေးပါ။ အဲဒါလူထုဆန္ဒကို ကြောခိုင်းခဲ့လို့။ အခုတခါ ၁၉၉၀ မေရွေးကောက်ပွဲရလာဒ်ကို အစက တဖြည်းဖြည်းချေဖျက်လာတယ် အခုအပြီးတိုင်ချေဖျက်ဖို့ ကြိုးစားတော့မယ်။ နအဖ မြန်မာတပ်မတော် ထပ်မှားဦးမယ်။ မြန်မာပြည်သူတွေထပ်ဒုက္ခရောက်ဦးမယ်။ တခြားလူတွေကို စီးပွားရေးပိတ်ဆို့တယ်ဆိုပီး တရားခံရှာမမှားပါနဲ့ ဗိုလ်သန်းရွှေနဲ့ မြန်မာ့တပ်မတော်ခေါင်းဆောင်များခင်ဗျား။ လူထုဆန္ဒကို လေးစားတတ်တဲ့ တပ်မတော်အဖြစ်သို့ ပြန်ပြီးဦးလှည့်ပါ။ ခင်ဗျားတို့ ၁၉၆၂ တို့ ၁၉၉၀ တို့ ဆိုတဲ့ ရွေးကောက်ပွဲ တွေက အဝေးကြီးမှာ ကျန်နေခဲ့ပြီလို့ ပြောချင်တယ်မဟုတ်လား မေ့ပြစ်ချင်တာတွေတော့ ဒီလိုပြောမှာဖြစ်ပြီး ခင်ဗျားတို့ သမိုင်းမှတ်တမ်းတင်ချင်တဲ့ကိစ္စကျတော့ ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးတုန်းက တပ်မတော်က ဘယ်လိုတော်လှန်တိုက်ခိုက်ခဲ့တာ ပြည်သူအကျိုးဘယ်လိုပြုခဲ့တာလို့ အဖန်တလဲလဲ မဏ္ဍပ်တိုင်တက်ပြချင်တယ်မဟုတ်လား။ သမိုင်းဆိုတာ ကိုယ်မေ့ပြစ်ချင်တာကို မေ့ပြစ်ပြီး သတိရချင်တာကို သတိရ၍မရပါ။ လူထှုဆန္ဒနဲ့ ပြန်စေ့စပ်တဲ့ တပ်မတော်အဖြစ်ကို နအဖ ခေါင်းဆောင်များက ကြိုးစားခြင်းသာလျှင် မြန်မာနိုင်ငံရဲ့ တကယ်နိုင်ငံရေးအဖြေစစ်ဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်၊

1 comment: