Saturday, March 13, 2010

ကိုဖုန်းမော်ကျဆုံးခဲ့တာ စက်မှုတက္ကသိုလ်ဝင်းထဲမှာပါ၊ အင်းစိန်လမ်းမမှာမဟုတ်ပါ၊

ဒီနေ့ မတ်လ ၁၃ ရက်နေ့ဟာ ကိုဖုန်းမော်ကျဆုံးခဲ့တာ ၂၂ တောင် တိုင်ခဲ့ပါပြီကော၊ ဒီနေ့မှာတော့ ကျနော်ထူးထူးခြားခြား သမိုင်းဖြစ်ရပ်မှန်တခု သမိုင်းမှတ်တမ်းတင်ထားမှုနဲ့ လွဲနေတာတွေ့လို့ သိတ်လဲအရေးကြီးလို့ပြောပါရစေ၊ ဒေါမာန်ဟုန် စာအုပ်ဟာ ကျနော်တို့၈၈၈၈ လေးလုံးအရေးတော်ပုံကြီးအတွက်သမိုင်းမှတ်တမ်းကောင်းစာအုပ်တအုပ်ပါ၊ ကျနော်မငြင်းပါ၊ ဒါပေမဲ့ ကိုဖုန်းမော်ကျဆုံးခဲ့တာ အင်းစိန်လမ်းမပေါ်မှာဆိုတာမျိုး နားလည်နိုင်တဲ့အချက်တခု ၄င်းစာအုပ်ရဲ့ စာမျက်နှာ ၃ အပိုဒ် ၅ ရဲ့ တတိယ၊ စတုတ္ထ နဲ့ ပဉ္စမ စာကြောင်းတွေမှာ ရေးထားတဲ့အတွက် တချို့ နောက်ရေးတဲ့ စာအုပ်တွေမှာ ကိုဖုန်းမော်အင်းစိန်လမ်းမပေါ်မှာကျဆုံးခဲ့တာလို့ ကိုးကားရေးသားလာကြတဲ့အတွက် ကျနော်အနေနဲ့ သမိုင်းကို သိခဲ့တဲ့ ကိုဖုန်းမော် သေနတ်အပစ်ခံရတဲ့အချိန်မှာ အဲဒီအနားမှာ အသေအခြာရှိနေခဲ့တဲ့အတွက်မပြောမဖြစ်ပြောရဖို့ဖြစ်လာပါတယ်၊ ကျနော်တို့ တတိယနိုင်ငံမထွက်ကြခင်မှာ နို့ဖိုးစခန်းမှာ အတူနေခဲ့ကြတုန်းက ဗကသ က ကိုရွှေကိုက သူကအရင်စပြောပါတယ်။ ခင်ဗျားအဲဒီတုန်းက အဲဒီမှာရှိခဲ့တယ်ဆိုတော့ ခင်ဗျားအဲဒီအချက်ကို သေသေချာချာသိရင်စာပြန်ရေးပါ ဆိုလို့ ပြောလာတဲ့အတွက် ကျနော့အနေနဲ့ နဂိုကလည်းသမိုင်းအမှန်ကို တင်ပြချင်နေတာရယ် ကိုရွှေကို ရဲ့ တွန်းအားပေးမှုတွေရောနဲ့ ကျနော်ဒီစာကို ရေးဖြစ်တာပါ။ အမှန်က ကျောင်းသားတွေအားလုံး စက်မှုတက္ကသိုလ်ဝင်းထဲရောက်ပြီးကျတော့မှာ လုံထိန်းတွေက စက်မှုတက္ကသိုလ်ရဲ့ ခြံစည်းရိုးအုတ်တံတိုင်းနံရံတွေပေါ်မှာ သူတို့တွေရဲ့ သေနတ်တွေကို မေးတင်ပြီးအသေအခြာချိန်ရွယ်ပစ်ခတ်ခဲ့တာပါ၊ အင်းစိန်လမ်းမက ပစ်ခတ်သူလုံထိန်းတွေရဲ့ ကျောဖက်မှာကျန်နေခဲ့ပါပြီ၊ လမ်းမပေါ်မှာ ကျတယ်ဆိုရင် သူတို့သိတ်မလွန်ဘူး ကျနော်တို့တတွေ ဆိုးလို့လို့ တချို့လူတွေထင်ကောင်းထင်နိုင်ပါတယ်၊ အခုက ကျနော်တို့နေတဲ့ စက်မှုတက္ကသိုလ်နယ်မြေထဲမှာ သူတို့က အပြင်ကနေပစ်ထည့်ခဲ့တာဖြစ်ပါတယ်၊ တကယ်ကပြောခဲ့တဲ့လူတွေက လမ်းမဆိုတာ တင်စားတာကောင်းလို့ ပြောဖြစ်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊

1 comment:

  1. စာလာဖတ်သွားပါတယ်။ မတ်လအရေးအခင်းမှာ ပါဝင်ခဲ့ပြီး ကိုဖုန်းမော်ကျတဲ့အချိန်မှာ အတူတူ ရှိနေခဲ့သူတယောက်အနေနဲ့ မိမိအတွေ့အကြုံတွေကို ဒီထက်ပိုမို ပြည့်စုံအောင် ရေးပြီး မသိခဲ့တဲ့သူ၊ မမီလိုက်တဲ့သူတွေကို ပြန်လည်မျှဝေသင့်တယ်လို့ ကျွန်မအကြံပြုချင်ပါတယ်။ ကျွန်မတို့ တပ်ရင်းက ဦးကျော်ထင်ဆိုရင် ကျွန်မကို ngenaing2008@gmail.com နဲ့ ဆက်သွယ်နိုင်ပါတယ်။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျွန်မဘလော့ဂ်ကို လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။ တခါတည်း Link သွားလိုက်ပြီနော့်။

    ReplyDelete