ဒီတပတ် ဒ၀ယ်စကား (၅) မှာတော့ နေ့စဉ် ဒ၀ယ်စဂါး အသုံးအနှုန်းထဲမှာ ထည့်ပြောလေ့ပြောထမရှိပေမဲ့ ဒ၀ယ်စဂါး လို့ပြောရင် လူတွေတကူးတဂရည်ညွှန်းပြောဆိုလေ့ရှိတဲ့ စဂါးလေးတွေကို တင်ပြချင်ပါတယ်။
အဲဒါတွေကတော့ က္လောခေါ်ထပ်မှာ က္လီးဂန်းနား က္လော့ခဲနပစ် က္လီးခေက္လိုး အော့ဂို က္လော့က္လော့က္လော့ လူးဂ္လလာ (ကျောင်းခေါင်ထက်မှာ ကျီးကန်းနား ကျောက်ခဲနဲ့ပစ် ကျီးခြေကျိုး အောက်ကို ကလောက်ကလောက်ကလောက် လိမ့်ကျလာ) လို့ အဓိပ္ပါယ်ရပါတယ်။ က္လော့ က္လော့ က္လော့ ဆိုတဲ့ ကျီးကန်း လိမ့်ကျတဲ့ မြည်သံစွဲအလင်္ကာဖြင့် ပြောဆိုတဲ့ ဒ၀ယ်စဂါး လိုစကား မျိုးနဲ့ တူညီတဲ့ ဗမာ စကားပုဒ်ကို ရှာမတွေ့ပါဘူး။ ဒ၀ယ်စဂါး ဟာ အများအားဖြင့် လ သံဆွဲပါတယ်။ ဗမာစကားနဲ့တူညီစွာရှိတဲ့ ဒ၀ယ်စဂါးလုံးတွေဟာ အသံအားဖြင့် လ သံဆွဲသွားကာ ၀ဲဝဲသွားလေ့ရှိပါတယ်။ ဥပမာ အားဖြင့် ကျောင်းဆိုရင် က္လော၊ ကျီးကန်း ဆိုရင် က္လီးဂန်း၊ ကျောက်တံဆိုရင် က္လော့တံ၊ ကျောက်ခဲဆိုရင် က္လော့ခဲ ဆိုပီးဖြစ်သွားပါတယ်။ လ သံဆွဲတဲ့ ဒ၀ယ်စဂါးတွေအများကြီးရှိပါတယ်။ သို့သော်လည်း ပစ် ကိုတော့ ပ္လစ် ဆိုပီးမပြောပါဘူး။ ပ္လစ် ဆိုတဲ့ ဒ၀ယ်စဂါး က ပျော့တယ် ဆိုတဲ့ သီးခြားအဓိပ္ပါယ်ရှိပါတယ်။ ဥပမာအားဖြင့် ဇီးဘ္လစ် ဆိုရင် ညစ်ပတ်နေတဲ့ရွှံ့ဗွက်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ပ္လစ် ဆိုတဲ့ အသံထက် ဘ္လစ် ဆိုပီး ပို၍မာသွားတဲ့ အသံက ညစ်ပတ်နေတာကို ပို၍လေးနက်စေတယ်လို့ထင်ပါတယ်။
နောက်တခုတကူးတကပြောတတ်တဲ့ ဒ၀ယ်စဂါးထဲမှာ ဗွီဗွီးဗွီးမှာ ပွီးပေါ့ဟယ် ဆိုတာဖြစ်ပါတယ်။ ဗွီ ဆိုတာက မြွေ ဖြစ်ပြီး ဗွီဗွီး ဆိုတာက မြွေပြွေး ဖြစ်ကာ နောက်တလုံး ဖြစ်တဲ့ ဗွီးက အမြီးဖြစ်ပါတယ်။ ပွီး က ပွေး ဖြစ်ကာ တခုလုံးဆိုရင် မြွေပွေးရဲ့ အမြီးမှာ ပွေးပေါက်တယ်ဆိုတံ အဓိပ္ပါယ်ရပါတယ်။ လူမှုရေးရာ နေ့စဉ်အသုံးတွေမှာ သုံးတတ်ကြတဲ့ စကားတွေမဟုတ်ပေမဲ့ ဒ၀ယ်စဂါး ရဲ့ ထူးခြားတဲ့ လက္ခဏာတွေကို ဖေါ်ပြတဲ့ စဂါးရပ်တွေဖြစ်ပါတယ်။
နောက်တခု က ဥပမာအားဖြင့် တံတားကို ဒ၀ယ်လိုခါးလို့ခေါ်တယ်။ ငါတို့ဆိုရင် နို့ လို့ပြောလေ့ရှိတယ်။ သင်္ကြန်ကာလတွေမှာ ဆိုရင် ကာလသားတွေက သင်္ကြန်လည်ထွက်ရင် ဘယ်လိုနောက်လေ့ရှိသလဲဆိုတော့ ခါးထပ်မှာနို့ ခါးအော့မှာကွဲ ဆိုပီး တော့ စကြနောက်ကြလေ့ရှိပါတယ်။ (ကန်တော့) ကွဲဆိုတာက ကျွဲ ကိုပြောတာပါ။ တံတားပေါ်မှာငါတို့ တံတားအောက်မှာတော့ကျွဲ ရှိတယ်လို့အဓိပ္ပါယ်ရပါတယ်။
နောက်ဗမာစကားကနေ အသံကနေကွဲသွားတဲ့စကားဖြစ်ပေမဲ့ သီးခြားဒ၀ယ်စဂါးလိုထင်ရတဲ့ စဂါးပုဒ် ၂လုံးကတော့ ဖိုးသံကီး နဲ့ ဖွားသံမ ဆိုတာဖြစ်ပါတယ်။ ဖိုးသံကီး ဆိုတာက အဖိုးကြီးဖြစ်ပြီး ဖွားသံမ ဆိုတာက အဖွားကြီးဖြစ်ပါတယ်။ ငါ့ဟို ဖိုးသံကီးဆူမယ် ဆိုတာက အဖေ ဆူမယ် ဆိုတဲ့ အဓိပ္ပါယ်ရသလို အဖိုးဆူမယ်လို့လဲ နားလည်လို့ရနိုင်ပါတယ်။ ဒီလိုပဲ ဖွားသံမ ဆိုရင်လဲ ဒီလိုပါပဲ၊ ယခု အမေရိကန်ပြည်ထောင်စုမ အခြေချနေထိုင်တဲ့ ကိုမင်းအောင်(ပုလောသား) ပြောဖူးတာက အဖိုးသက်ကြီး အဖွားသက်မ ဆိုတဲ့ သက်ကြီးဝါကြီးတွေကို ရည်ညွှန်းပြောဆိုတဲ့ ဗမာစကားကနေ ဒ၀ယ်စကား ဖိုးသံကီး နဲ့ ဖွားသံမ ဖြစ်လာတယ်လို ဆိုပါတယ်။ ဖြစ်နိုင်ပါတယ်။
နောက် ဒ၀ယ်တွေကို ဦးလေး ဦးကြီး ကို ဟေ့ ယီး ဆိုပီး ခေါ်လေ့ရှိပါတယ်။ ဥပမာ ကျနော့နာမည်ဆိုပါတော့ လူငယ်တွေက ယီးကျော်ထင် ဒါက ဦး ကို ရည်ညွှန်းခေါ်ဆိုတာဖြစ်ပြီးတော့ အစ်ကို အရွယ်ဆိုရင်လည်း နောကျော်ထင် ဆိုပီး ခေါ်လေ့ရှိပါတယ်။ ယီးက (ဦးရည်း)ကလာတာဖြစ်နိုင်ပီးတော့ နောက ( နောင်တော်) စတာတွေကနေလာတာဖြစ်နိုင်ပါတယ်။
အမျိုးသမီးဆိုရင်လည်း မဲညွန့်ရီ (ကျနော့အဖွားနာမည်) အစသဖြင့် ခေါ်တယ်။ ကျနော့အဖွားကို အဲဒီလိုခေါ်တာပဲ ကျနော်ငယ်ငယ်က အကြိမ်များများကြားဖူးပါတယ်။ မဲ ဆိုတာက မည်း (ခမည်းတော်) ဆိုတာနဲ့နီးစပ်ပါတယ်။ အမေကိုလည်း မယ်လို့ပဲခေါ်လေ့ရှိကာ အဖေကိုတော့ ဖ လို့ပဲခေါ်တတ်ကြပါတယ်။ မယ် ဆိုတာက (မယ်တော်) စတာက လာတာဖြစ်နိုင်ပီးတော့ ဖ က ဖခမည်းတော် ဖခင် စတာတွေကို အတိုခေါ်ရကနေလာတာဖြစ်နိုင်ပါတယ်။ (စဂါး သဘောကိုသာပြောဆိုခြင်းဖြစ်ပီး ဘုရင် ပဒေသရာဇ် ဆိုတာတွေကို သမိုင်းသဘောအရ ပြောဆိုနေခြင်းမဟုတ်ပါ။
ကျနော်တို့ငယ်ငယ်က အထက်တန်းကဗျာမှာ လေ့လာသင်ယူရတဲ့ ဟိန္ဒူနတ်ပွဲလှည့်လည်မြဲ ဆိုတဲ့ ကဗျာမှာ ဒ၀ယ်မှာ ဟိန္ဒူနတ်ပွဲ (ဒ၀ယ်အခေါ်ကုလားပွဲ) လှည့်ရင် ပ္လန်ဗြင်ထန် (ယခုပုံကျွန်းရပ်ကွက်) က နောလူမဲ ဆိုတာကို ကြည့်ရင် ကာလသားအရွယ်ဒါမှမဟုတ် သိတ်အရွယ်မကြီးသေးတဲ့ ယောက်ျားတွေကို နော တပ်ပီးခေါ်လေ့ရှိတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီကဗျာမှာပဲ လုံချည်ကို သားလှော် လို့ခေါ်တာတွေ့ရမှဖြစ်ပါတယ်။ အခုတော့ အဲဒီလို သားလှော်လို့ ခေါ်တဲ့ လူတွေ တော်တော်နည်းသွားပါပီ။ သားလှော်ဆိုတာက အများအားဖြင့် ကလေးတွေကို ချော့သိမ့်အိပ်စေတဲ့ နေရာမှာ ကလေးတွေအိပ်တဲ့ပုခက် ကို လုံချည်နဲ့အသုံးပြုတတ်လေ့ရှိတော့ ကလေးကို ချော့သိမ့်ကာ အိပ်စေတဲ့ နေရာမှာ အသုံးပြုရာကနေ လုံချည်ကို သားလှော် လို့ခေါ်တာဖြစ်နိုင်ပါတယ် ခံဗျား။ ခေါက်ထားမည့်စာကိုဒီနေရာမှာရေးပါ
No comments:
Post a Comment